မြန်မာ့ဖွံ့ဖြိုးရေးအတွက် ဒေါ်လာသန်း ၅၀၀ ကျော် အကူအညီရရှိ
2013.01.31

သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီရဲ့ ညွှန်ကြားရေးမှူးချုပ် မစ္စတာ Peter Baxter က ရန်ကုန်မြို့ ရွှေတောင်ကြားလမ်း သြစတြေးလျကလပ်မှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
ဒီထောက်ပံ့ငွေတွေထဲက ဒေါ်လာ ၂၂ သန်းကို ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အသုံးပြုသွားမှာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဆင်းရဲနွမ်းပါးတဲ့ဒေသတွေ၊ ပဋိပက္ခ ဖြစ်ပွားရာ တိုင်းရင်းသား ဒေသတွေက ကလေးငယ် ၂ သန်းကျော်အတွက် အရည်အသွေးပြည့်မှီတဲ့ မူလတန်း ပညာသင်ကြားနိုင်ရေးမှာ အဓိက သုံးစွဲသွားမှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အဲဒီ အခြေခံ ပညာရေး ကောင်းမွန်အောင် ဆောင်ရွက်ရာမှာ ကလေးငယ် (၅) သောင်းခွဲအတွက် မူလတန်းကြိုပညာရေး၊ ကလေးငယ် (၁)သိန်း (၆) သောင်းကျော်အတွက် အရည်အသွေးမီ မူလတန်းပညာရေးတွေ တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်သွားမှာဖြစ်တဲ့အပြင် ကျောင်းဆရာ (၄) သောင်းခွဲကိုလည်း ကျွမ်းကျင်သင်တန်းတွေ ပို့ချပေးသွားမယ်လို့ Mr. Baxter ပြောသွားတာပါ။
ဒါ့ပြင် ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးတိုးတက်ရေးဌာန(DFID) နဲ့ သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးတိုးတက်မှု အေဂျင်စီ (AusAID) အဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံကို အကူအညီပေးရာမှာ ပညာရေးမှာသာမက ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုတွေ တိုးတက်လာရေး၊ တိုင်းရင်းသားဒေသတွေ ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်လာရေး၊ လယ်သမားတွေဝင်ငွေ တိုးတက်ရေး စတဲ့ ကဏ္ဍတွေအတွက်လည်း အကူအညီတွေပေးအပ်သွားမယ်လို့ သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီရဲ့ ညွှန်ကြားရေးမှူးချုပ် မစ္စတာ Peter Baxter က ပြောကြားခဲ့ပါတယ်။