စစ်ကိုင်း - မန္တလေးလမ်းက ကျူးကျော်နေအိမ် ကိုးလုံးကို ဖယ်ရှား


2019.07.27
destroying-slum-house-mdy-622.jpg မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် စစ်ကိုင်း - မန္တလေးလမ်းက နေအိမ်တွေကို ၂၀၁၉၊ ဇူလိုင် ၂၇ ရက်နေ့က ရှင်းလင်းဖယ်ရှားစဉ်
ဓါတ်ပုံ - ခေမဏီဝင်း/ RFA

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် စစ်ကိုင်း - မန္တလေးလမ်းက နေအိမ် ကိုးလုံးကို လမ်းနယ်နိမိတ်ကို ကျူးကျော်တယ်ဆိုပြီး မန္တလေးစည်ပင်သာယာရေးကော်မတီက ဒီနေ့မနက်မှာ ဖယ်ရှားရှင်းလင်းခဲ့ပါတယ်။

အဲ့ဒီလိုရှင်းလင်းတာကို တားဆီးခဲ့တဲ့ အမျိုးသမီး နှစ်ယောက်နဲ့ အမျိုးသား တစ်ယောက်ကို ဖမ်းဆီးပြီး ပုဒ်မ လေးခုနဲ့ မန္တလေးစည်ပင်သာယာရေးကော်မတီက အမှုဖွင့် အရေးယူခဲ့ပါတယ်။

ဖမ်းဆီးခဲ့သူတွေကို ပုဒ်မ (ပ) ၄၉၁/ ၂၀၁၉  ရာဇာသတ်ကြီးပုဒ်မ ၁၈၆ အရ ပြည်သူ့ဝန်ထမ်းကို  နှောက်ယှက်မှု့၊  ပုဒ်မ  ၂၉၄  ညစ်ညမ်းသောသော စိတ်ငြိုငြင်မှု့၊ ပုဒ်မ  ၃၅၃  လက်ရောက်ကျူးလွန်မှု၊ ပုဒ်မ ၁၁၄  အားပေးကူညီမှုတွေနဲ့ အရေးယူူထားတာဖြစ်ပါတယ်။

စီမံကိန်းမရှိဘဲ နေအိမ်တွေ ဖျက်ဆီးခံရတာလို့ နေအိမ်ဖျက်ခံရသူ ကိုမျိုးမင်းသန့် က အခုလိုပြောပါတယ်။

"အဲဒီနေရာတွေကို အရင်အစိုးရလက်ထက်မှာ နှစ်ကြိမ်ဖျက်ခဲ့တယ် ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုတွေပြခဲ့တယ်။ စည်ပင်တရားရုံးမှာ တရားရင်ဆိုင်ခဲ့ပြီးပြီ၊ ဒီအမှုက အရင်ကတည်းက စီမံကိန်းမဟုတ်ဘူး၊ တစ်ဦးတစ်ယောက် ကောင်းစားရေး ဖြစ်တယ်"

ဖယ်ရှားခံရတဲ့ နေအိမ်တွေမှာ နေထိုင်သူတွေထဲမှာ ကျောင်းသူ၊ ကျောင်းသားတွေလည်း ပါဝင်နေပါတယ်။

အမေ အဖမ်းခံရပြီး အုပ်ထိန်းသူမရှိတာကြောင့် ကျောင်းစာမေးပွဲဖြေဖို့အတွက် အခက်အခဲရှိနေကြောင်း ကျောင်းသူတစ်ယောက်ဖြစ်တဲ့ မအိအိဖြိုးက  ပြောပါတယ်။

"အမေကြီးမရှိရင် သမီးကျောင်းဆက်တက်လို့မရဘူး"

နေအိမ်ဖယ်ရှားခံရသူတွေကို စည်ပင်ပိုင်ဖြစ်တဲ့ အငှားအိမ်ရာမှာ နေထိုင်နိုင်ဖို့ စီစဉ်ပေးသွားမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောပါတယ်။

"လမ်းမြေပေါ်မှာ ကျူးကျော်နေတဲ့အတွက် ရှင်လင်းတာပါ"

ဒီနေ့ နေအိမ်တွေ ဖယ်ရှားရှင်းလင်းတာကို မန္တလေးမြို့တော်စည်ပင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့က ပူးပေါင်းရှင်းလင်းခဲ့တာဖြစ်ပါတယ်။

လမ်းမြေကျုးကျော်ထားတဲ့ နေအိမ်တွေကို ဒီရက်ပိုင်းအတွင်းမှာလည်း ဆက်လက်ရှင်းလင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

(RFA သတင်းထောက် မခေမဏီဝင်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။