သွေးလွန်တုပ်ကွေးကြောင့် ၇ လအတွင်း သေဆုံးသူ ၈၁ ဦးရှိ
2017.08.01

၂၀၁၇ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇူလိုင်လ ၂၂ ရက်နေ့အထိ စာရင်းအရ တစ်နိုင်ငံလုံးမှာ သွေးလွန် တုပ်ကွေး ဖြစ်ပွားသူ ၁ သောင်း ၄ ထောင်ကျော်ရှိခဲ့ပြီး ၈၁ ဦး သေဆုံးခဲ့ပါတယ်။
သေဆုံးသူအများဆုံးက ဧရာဝတီတိုင်းဖြစ်ပြီး ရန်ကုန်က ဒုတိယနဲ့ ပဲခူးက တတိယအများဆုံးဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေးဌာန စီမံချက်မန်နေဂျာ ဒေါက် တာဇော်လင်း က ပြောပါတယ်။
"မြန်မာတစ်နိုင်ငံလုံးပေါ့၊ ၁ ရက် ၁ လကနေ ၂၂ ရက် ၇လ အထိပေါ့၊ သွေးလွန်တုပ်ကွေးရော ဂါဖြစ်ပွားသူက ၁၄၉၁၉ ဦး၊ သေဆုံးသူကတော့ ၈၁ ဦးရှိပါတယ် ခင်ဗျ၊ ဧရာဝတီတိုင်းကတော့ ၂၂ ယောက်ရှိပါတယ်၊ ဒုတိယအများဆုံးကတော့ ရန်ကုန်တိုင်းဒေသကြီးပါ၊ တတိယကတော့ ပဲခူးတိုင်းဒေသကြီးပါ။"
ဒီနှစ်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ထက် ဖြစ်ပွားမှုနှုန်းများပေမယ့် ၂၀၁၅ ခုနှစ်လောက်တော့ မများသေးဘူးလို့ လည်း ဒေါက်တာဇော်လင်း က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာဆိုရင် ခြင်ကနေတဆင့်ကူးစက်တဲ့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေသူ ၁၈၀၀ နီးပါးလောက်ရှိပြီး ဒီနေ့အထိ သေဆုံးသူ ၁၈ ဦးရှိနေပြီလို့ သိရပါတယ်။
လတ်တလော အခြေအနေအရ သွေးလွန်တုပ်ကွေးရောဂါဟာ မင်းပြား၊ စစ်တွေ၊ တောင်ကုတ်မြို့နယ်တွေမှာ အဖြစ်အများဆုံးဖြစ်တယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စံကျော့ခိုင် က ပြောပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၅ နှစ်အောက် ကလေးငယ်တွေ အများဆုံးဖြစ်ပြီး အသက် ၄၀ ကျော်နဲ့ ၆၀ ကျော်အရွယ် လူကြီးနှစ်ဦး ပါဝင်တယ်လို့လည်း ဒေါက်တာစံကျော့ခိုင် ကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၅၀၀ ကျော်ရှိခဲ့ပြီး ဒီနှစ်မှာတော့ ပြည်နယ်အတွင်း ဖြစ်ပွားမှုနှုန်း ပိုမိုများပြားနေတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် လတ်တလောမှာ ရာသီတုပ်ကွေးဖြစ်ပွားသူတွေ ပိုများလာပြီး ဒီနေ့ သြဂုတ်လ ၁ ရက်နေ့အထိ စာရင်းအရ ရာသီတုပ်ကွေးရောဂါပိုးတွေ့ရှိသူ ၁၄ ဦး အထိရှိလာတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် က ပြောပါတယ်။
ဒါပေမဲ့ ဒီနေ့မှာ ထပ်မံသေဆုံးသူ မရှိသေးတဲ့အတွက် ရာသီတုပ်ကွေးကြောင့် သေဆုံးသူဟာ ၁၂ ဦး သာရှိနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်မှာ သေဆုံးခဲ့တဲ့ကြက်တွေမှာ ကြက်ငှက်တုပ်ကွေး H5N1 ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တယ်လို့လည်း ဒေါက်တာသန်းထွန်းအောင် က အတည်ပြုပြောပါတယ်။ လက်ရှိအချိန် အထိတော့ လူတွေမှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားတာ မရှိသေးဘူးလို့ သိရပါတယ်။