သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၄၅ ဦးရှိ


2018.07.25
smoking-622.jpg ရန်ကုန်မြို့ ရပ်ကွက်တစ်ခုအတွင်း ခြင်အန္တရာယ်ကာကွယ်နိုင်ရန် ခြင်ဆေးလိုက်လံဖျန်းနေသည်ကို တွေ့ရစဉ်
Photo: Kyaw Zin Than/ RFA

တစ်နိုင်ငံလုံးမှာ ၇ လအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၄၅ ယောက်ရှိပြီး ရောဂါဖြစ်ပွားသူဦးရေ ၈၂၀၀ ကျော်အထိ ရှိနေပါတယ်။

ဒီနှစ်အတိုင်းအတာအရ ဧရာဝတီ၊ ရန်ကုန်၊ မွန် နဲ့ တနသာၤရီ စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရောဂါဖြစ်ပွားမှု အများဆုံး ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်လင်း က ပြောပါတယ်။

"ဇန်နဝါရီ ၁ ရက်၊ ၁ ရက် ၁ လ ကနေ ဒီနေ့ထိပေါ့၊ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာပေါ့နော်၊ ၈၂၈၄ ဦးအထိ ရောဂါ ဖြစ်ပွားမှုရှိခဲ့ပြီး ၄၅ ဦး အသက်သေဆုံးမှု ရှိပါတယ်နော်။ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း နောက် မွန်ပြည်နယ် ပေါ့နော်၊ နောက်တစ်ခါ တနင်္သာရီတိုင်းဒေသကြီးပေါ့၊ ဒီနေရာ ၄ နေရာက ဒီနှစ်အတွင်း ဖြစ်ပွားမှုလေး ဒီနှစ် အတွင်းမှာပဲ ကြည့်ရင်တော့ များတယ်ပေါ့နော်၊ မနှစ်ကနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ တချို့နေရာတွေက မတိမ်းမယိမ်းပေါ့နော်၊ တချို့နေရာတွေက နည်းပါတယ်"

ရောဂါသယ်ဆောင်တဲ့ ပိုးမွှားတွေကို နှိမ်နင်းတဲ့ စီမံချက်အဖွဲ့ကလည်း ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်၊ တနင်္သာရီ၊ ရခိုင် နဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွေကို သွားရောက်ပြီး အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ် လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်အထိ စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ ရောဂါဖြစ်ပွားသူ ၅ ထောင်ကျော်သာရှိခဲ့တဲ့ အတွက် တစ်လအတွင်း ဖြစ်ပွားသူ ၃ ထောင်နီးပါးလောက် တိုးလာတာ ဖြစ်ပါတယ်။

မနှစ်က တစ်နှစ်လုံးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ သုံးသောင်းတစ်ထောင်ကျော်နဲ့ သေဆုံးသူ ၁၉၀ ကျော်ရှိခဲ့တဲ့အတွက် ဒီနှစ်က ရောဂါဖြစ်ပွားမှုနှုန်း နည်းသွားတဲ့အခြေအနေ ရှိတယ်လို့လည်း ဒေါက်တာ ဇော်လင်း က ပြောပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ မြန်မာနိုင်ငံကို ၁၉၆၄ ခုနှစ်က စတင်ဝင်ရောက်လာပြီး ၁၉၇၀ ခုနှစ်မှာ ရန်ကုန်တိုင်း မှာ ကပ်ရောဂါအသွင်နဲ့ ဖြစ်ပွားခဲ့တာပါ။

၂၀၁၅ ခုနှစ်မှာတော့ သွေးလွန်တုပ်ကွေးရောဂါနဲ့ ဆေးကုသမှုခံယူခဲ့ရသူ လေးသောင်းကျော်အထိ ရှိခဲ့ပြီး မြန်မာနိုင်ငံ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု သမိုင်းမှာ အရေအတွက်အများဆုံး ဖြစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။