သွေးလွန်တုပ်ကွေးရောဂါကို အာရုံစိုက်ကာကွယ်ဖို့ပြော
2018.07.06

မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ သွေးလွန်တုပ်ကွေးရောဂါကို ဒီနှစ်ထဲမှာ အာရုံစိုက်ပြီးဆောင်ရွက် ဖို့ နိုင်ငံတော်အဆင့်တာဝန်ရှိသူက ညွှန်ကြားထားတယ်လို့ ပြည်ထောင်စု ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးက ပြောပါတယ်။
ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှာ ဒီနေ့ပြုလုပ်တဲ့ အသိပေးဆွေးနွေးပွဲမှာ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာဇော်လင်းက ပြောခဲ့တာဖြစ်ပါတယ်။
"ဒီနှစ်မှာ သွေးလွန်တုပ်ကွေးရောဂါကို အထူးသဖြင့် အာရုံစိုက်ပြီးဆောင်ရွက်ပါလို့ နိုင်ငံတော်အဆင့် တာဝန်ရှိတဲ့ပုဂ္ဂိုလ်ကနေပြီးတော့ ကျနော်သွေးလွန်တုပ်ကွေးနဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ ၁၂ နှစ်ကျော်ကာလ သမိုင်းမှာ တိတိကျကျခေါ်ပြီးတော့မှ လမ်းညွှန်မှုပေးတာ ဒီတစ်ကြိမ် ပထမဆုံးအကြိမ်ပါပဲ။ ဒီအတွက် လည်းပဲ ကျနော် ဂုဏ်လည်းယူတယ်။ ဒီအတွက်လည်း ဒီနှစ်ကို အားလုံးပြည်နယ်တိုင်းအသီးသီး က ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ တိုင်းကျန်းမာရေးဦးစီးဌာနမှူးတွေ ကျနော်တို့အားလုံး အတူတကွ ဆောင်ရွက်နေကြတဲ့ အခြေအနေဖြစ်ပါတယ်"
ဒီနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇွန်လ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံတဝှမ်း သွေးလွန်တုပ်ကွေးရောဂါဖြစ် ပွားသူ ၅၀၀၀ ကျော်ရှိပြီး အဲဒီအထဲက ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီနဲ့ မွန်ပြည်နယ်တို့ဟာ ဖြစ်ပွားသူဦးရေ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါနဲ့ဆေးကုသမှုခံယူခဲ့ရသူ လေးသောင်း ကျော် အထိရှိခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါသမိုင်းမှာ အများဆုံးအရေအတွက်ဖြစ်တယ်လို့ ဒေါက်တာဇော်လင်း က ပြောပါတယ်။
မနှစ်ကတော့ တစ်နိုင်ငံလုံးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ သုံးသောင်းတစ်ထောင်ကျော်ရှိခဲ့ပြီး အဲဒီအထဲက လူပေါင်း ၁၉၀ ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်က သံတွဲနဲ့ တောင်ကုတ်မြို့နယ်တွေဟာ နှစ်စဉ်သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း မြင့်မားသလို အခုနှစ်မှာလည်း ဖြစ်ပွားမှုနှုန်းမြင့်မားနေတဲ့အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာတွေနဲ့ ဒေသခံတွေက စွမ်းစွမ်း တမံကာကွယ်ဖို့ လိုအပ်တယ်လို့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်လင်းက ပြောပါတယ်။