၆ လ အတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၂၃ ရှိ
2018.06.17

ဒီနှစ် ဇန်နဝါရီလကနေ ဒီနေ့အထိ မြန်မာတစ်နိုင်ငံလုံးမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ သုံးထောင်ကျော် ရှိပြီး သေဆုံးသူ ၂၃ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန သွေးလွန်တုပ်ကွေးနဲ့ ဆင်ခြေထောက် စီမံချက် မန်နေဂျာ ဒေါက်တာ ဇော်လင်းက ပြောပါတယ်။
လက်ရှိ မိုးတွင်းကာလဟာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေနိုင်တဲ့ ဗိုင်းရပ်စ်ကို သယ်ဆောင်တဲ့ ခြင်ကျား ပေါက်ဖွားမှုနှုန်း အမြင့်ဆုံးချိန်ဖြစ်တာကြောင့် အသက်ကြီးငယ်မရွေး အထူးဂရုစိုက် နေထိုင်ကြဖို့ ဒေါက်တာ ဇော်လင်း က ပြောပါတယ်။
"သွေးလွန်တုပ်ကွေးရောဂါဟာ အရင်က ကလေးသူငယ်တွေမှာပဲ ဖြစ်တယ်။ အခု သွေးလွန်တုပ်ကွေးရောဂါ သည် အသက်အုပ်စုမရွေး ဖြစ်တယ်၊ လူကြီးတွေမှာလည်း ဖြစ်လာတယ်။ ရောဂါအခံ တစ်ခုခုရှိတဲ့ လူကြီးဆိုရင် သွေးလွန်တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးဝင်ရင် ပိုပြီးတော့မှ ပြင်းထန်တယ်။ ပြင်းထန်တဲ့အပြင် အသက် ဆုံးရှုံး နိုင်ခြေလည်း မြင့်မားလာတတ်တဲ့ အနေအထား တွေ့နေရတာပေါ့။ ဒီကူးစက်မှုက တစ်နှစ်ပတ်လုံး ရှိလာနေ တယ်ဆိုတာလည်း ပြောချင်တယ်၊ အဲ့တော့ ဒီလို မိုးရာသီရောက်လာပြီဆိုရင် သွေးလွန်တုပ်ကွေးရောဂါ ပြန့်နံှ့မှုအားကောင်းပြီး ဖြစ်ပွားတဲ့ အနေအထားရှိပါတယ်"
ဇွန်လ ၁၆ ရက်နေ့အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားတာကြောင့် ဆေးရုံတက်ရောက်နေရသူ ၃၃၄၁ ဦး ရှိပြီး ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုနှုန်းရော ၊ သေဆုံးမှုနှုန်းပါ အများဆုံးဖြစ်နေတယ်လို့ ဒေါက်တာ ဇော်လင်း က ပြောပါတယ်။
လူဦးရေ များပြားတာ၊ ရေသိုလှောင်မှု များတာကြောင့် ခြင်ပေါက်ဖွားမှုနှုန်းများတာ၊ ရွှေ့ပြောင်းသွားလာသူ များပြားတာ စတဲ့ အချက်တွေကြောင့် ရန်ကုန်တိုင်းဒေသကြီးမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း အမြင့်ဆုံး ဖြစ်နေတာလို့ ဆိုပါတယ်။
ဒီနေ့အထိ ရန်ကုန်တိုင်းဒေသကြီးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၈၆ ဦးရှိခဲ့ဲပြီး ၇ ဦး သေဆုံးခဲ့ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာ ရောဂါဖြစ်ပွားသူ ၆၄၇ ဦး၊ သေဆုံးသူ ၃ ဦးရှိကာ ဧရာဝတီတိုင်းဒေသကြီးမှာ ၅၁၃ ဦး ရောဂါဖြစ်ပွားပြီး ၃ ဦး သေဆုံးခဲ့တယ်လို့ စာရင်းတွေအရ သိရပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ မြန်မာနိုင်ငံမှာ ၁၉၆၄ ခုနှစ်က စတင်ဝင်ရောက်လာပြီး ၁၉၇၀ မှာတော့ ရန်ကုန်တိုင်း မှာ ကပ်ရောဂါအသွင်အနေနဲ့ ဖြစ်ပွားခဲ့ပါတယ်။ ၁၉၉၄ မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားပြီး သေဆုံးသူ အရေ အတွက် အများဆုံးအနေနဲ့ ၄၄၄ ဦးထိ ရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ အရေအတွက် လေးသောင်းကျော်ထိ ရှိခဲ့တာဖြစ်ပါတယ်။
အရင်က မြန်မာနိုင်ငံမှာ အသက် ငါးနှစ် ကနေ ၉နှစ် အထိ ကလေးငယ်တွေမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အများဆုံးဖြစ်ပြီး တစ်နှစ်ကနေ လေးနှစ်က ဒုတိယ အများဆုံးဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာတော့ အသက်တစ်နှစ်အောက် နဲ့ အသက် ၁၅ နှစ် အထက် အရွယ်တွေမှာလည်း ဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေ ရှိလာတယ်လို့ ဒေါက်တာ ဇော်လင်းရဲ့ ပြောပြချက်အရ သိရပါတယ်။