ဒီးမော့ဆိုမှာ စစ်ကောင်စီတပ်ကပစ်လို့ ပြည်သူ တစ်ဦး ကျည်အစစ် ထိမှန်

ကယားပြည်နယ်၊ ဒီးမော့ဆိုမှာ ပြည်သူတွေရဲ့ ခံတပ်အတားအဆီးတွေကို စစ်ကောင်စီရဲ့ ရဲနဲ့စစ်သားတွေက ဧပြီလ ၂၆ ရက် မနေ့က လိုက်လံဖျက်ဆီးရင်းပစ်ခတ်တာကြောင့် အသက် ၅၀ ကျော်အရွယ် ဦးပေါ်လူ ကျည်အစစ် ထိမှန်သေဆုံးသွားပါတယ်။
အတားအဆီးတွေကို လိုက်လံဖျက်ဆီးချိန် ပြည်သူနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေရှိပြီး တချို့နေရာတွေမှာတော့ ပြည်သူတွေဘက်က ပြန်လည်ခုခံခဲ့ကြတာဖြစ်ပါတယ်။
၆ မိုင်ကျေးရွာမှာနေတဲ့ ဒေသခံလူငယ်တစ်ယောက်ကတော့ သူနေတဲ့ရွာက ဒေသခံတစ်ယောက် ကျည်အစစ် နဲ့ အချက်အများကြီးထိထားတာ တွေ့ရကြောင်းနဲ့ ရာဘာကျည်ထိတာက သုံးယောက်ရှိတယ်လို့ RFA ကို ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့အဝင်နဲ့ ရပ်ကွက်တွေမှာ ပြည်သူတွေက သဲအိတ်တွေ၊ မြေအိတ်တွေနဲ့ အကာအကွယ် ပြုလုပ်ထားတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေ ပစ်ခတ်မှုကြောင့် ကယားပြည်နယ်မှာ လက်ရှိအချိန်ထိ သေဆုံးသူပေါင်း လေးယောက်ရှိပြီဖြစ်ပါတယ်။