အနည်းဆုံးလုပ်ခ သတ်မှတ်ရေး သတိထားပြီး ရေးဆွဲနေရ


2015.05.21
workers-protest-mayday-305 ကမ္ဘာ့အလုပ်သမားနေ့မှာ စက်မူဇုန်တွေက အလုပ်သမားတွေ ပူးပေါင်းပြီး အနိမ့်ဆုံးလုပ်ခလစာ အမြန်ဆုံးသတ်မှတ်ပေးရေး အတွက် ရန်ကုန်မြို့မှာဆန္ဒပြကြစဉ်
Photo: Kyaw Zaw Win/RFA

အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေးဟာ နိုင်ငံအတွက် အရေးကြီးပြီး သတိထားကိုင်တွယ်ရမယ့်ကိစ္စ ဖြစ် တာကြောင့် သတိထားပြီး လုပ်ဆောင်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ဒီနေ့ ပြောလိုက် ပါတယ်။

အလုပ်ရှင်၊ အလုပ်သမားအရေးနဲ့ အနည်းဆုံးလုပ်ခ လစာ သတ်မှတ်နိုင်ရေးအတွက် ဆောင်ရွက်နေတဲ့ အခြေအနေကို ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း က ပြည်ထောင်စုလွှတ်တော်မှာ လာရောက် ရှင်းလင်းစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။

"မြန်မာနိုင်ငံမှာ အလုပ်သမားများအတွက် အနည်းဆုံးလုပ်ခငွေ သတ်မှတ်ပေးရေးကိစ္စဟာ အလွန်အရေးကြီးပြီး ထိလွယ်ရှလွယ်ကိစ္စဖြစ်သဖြင့် ယင်းကိစ္စဟာ အလုပ်သမားများနဲ့ အလုပ်ရှင်များ ၏ ရေရှည်အကျိုးစီးပွားတွင် အဖက်ဖက်မှ လွှမ်းခြုံစဉ်းစားပြီး အလုပ်သမားရော အလုပ်ရှင်အတွက်ပါ အဆင်ပြေစေမယ့် နှုန်းထားမျိုးဖြစ်စေရန် လိုအပ်သကဲ့သို့ တစ်ဖက်စောင်းနင်းဖြစ်ခဲ့ပါကလည်း အလုပ်ရှင်နဲ့ အလုပ်သမားကြား မကျေနပ်မှုများဖြစ်ပေါ်လာပြီး အငြင်းပွားမှုများ တိုးတက်များပြားလာနိုင်သဖြင့် အလုပ်သမားလျော့ချလာနိုင်ခြင်း၊ အလိုအလျောက်လုပ်ကိုင်သောစက်များ ကိရိယာများအစားထိုးလာနိုင်ခြင်း၊ လုပ်ငန်းများပိတ်သိမ်းသွားနိုင်ခြင်း စသည့် အလုပ်လက်မဲ့တိုးပွားလာနိုင်ခြင်း ကုန်ထုတ်စွမ်းအားကျဆင်း မှုကြောင်း နိုင်ငံတော်ရဲ့ စီးပွားရေးကျဆင်းလာနိုင်ခြင်း စတဲ့ မလိုလားအပ်တဲ့ ကိစ္စရပ်များဖြစ်လာနိုင်ပါသဖြင့် အဆိုပါကိစ္စအား သတိကြီးစွာဖြင့် ဆောင်ရွက်နေရခြင်းဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်"

ဒါ့အပြင် အစိုးရသက်တမ်းမကုန်ခင် အနည်းဆုံးလုပ်ခလစာကို အပြီးသတ်မှတ်ပေးသွားနိုင်ဖို့ ဆောင်ရွက်နေကြောင်း လည်း သတင်းမီဒီယာသမားတွေကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း အစိုးရက လူတစ်ဦးရဲ့ တစ်နေ့အသုံးစရိတ်ကို စစ်တမ်းကောက်ယူပြီး အနည်းဆုံးလုပ်ခလစာကို အဲဒီစစ်တမ်းအပေါ် အခြေခံပြီး သတ်မှတ်မှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။