အနိမ့်ဆုံးလုပ်ခ ၃၆ဝဝ ကျပ် အလုပ်ရှင် ၁၆ဝ ကျော်နဲ့ အလုပ်သမားအဖွဲ့ ၂ဝ နီးပါး ကန့်ကွက်
2015.07.17

အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ အမျိုးသားကော်မတီက ကြေညာထားတဲ့ တစ်ရက်လုပ်ခ ကျပ် ၃၆ဝဝ ကို အလုပ်ရှင် ၁၆ဝ ကျော်နဲ့ အလုပ်သမားအဖွဲ့ ၂ဝ နီးပါးက ကန့်ကွက်စာတင်ထားတယ်လို့ သိရပါတယ်။
အလုပ်ရှင်တွေဘက်က တစ်ရက်ကျပ် ၂၅ဝဝ သာပေးနိုင်ကြောင်းနဲ့ အလုပ်သမားတွေဘက်က ကျပ် ၄ဝဝဝ ပေးဖို့ တင်ပြထားတယ်လို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင် အလုပ်သမား ကိုယ်စားလှယ် ကိုဝင်းဇော်က ပြောပါတယ်။
"အလုပ်ရှင်ဘက်က ၃၆ဝဝ ကို သူတို့မပေးနိုင်ဘူး၊ ၂၅ဝဝ ပေးနိုင်မယ်ပြောတယ်၊ အဲ့ဒီလို ပေးနိုင်မယ် မပေးနိုင်ဘူးဆိုတော့ တစ်ဘက်ကပြောလို့မရဘူး၊ ကျနော်တို့ အမျိုးသားကော်မတီဝင်အနေနဲ့ကလည်း ပြန် လည်ပြီးတော့ သူတို့ကိုတင်ပြတာက မပေးနိုင်ရင် ဘာကြောင့်မပေးနိုင်သလဲ အကြောင်းပြချက်တော့ပါရမယ်၊ သူတို့ရဲ့ ဝင်ငွေထွက်ငွေအမှန်တွေကို သူတို့အနေနဲ့တင်ပြပေးပါဆိုပြီးတော့ ဒါတောင်းဆိုပြီး စစ်ဆေးရမယ့် အနေအထားပါနော်၊ အလုပ်သမားတွေကကျတော့ ဒီဘက်အထိ ၃၆ဝဝ ကနည်းတယ်၊ ၄ဝဝဝ ပေးသင့်တယ် ဆိုပြီး သူတို့ဘက်က တင်ပြတာ"
ကန့်ကွက်လွှာတင်ထားတဲ့ အလုပ်ရှင်တွေအများစုဟာ ရန်ကုန်တိုင်းအတွင်းက အထည်ချုပ်လုပ်ငန်းရှင်တွေဖြစ် တယ်လို့ သိရပါတယ်။
အဲ့ဒီလို အလုပ်ရှင်တွေဘက်က ကန့်ကွက်မှုတွေရှိနေပေမယ့် အမေရိကန် အထည်ချုပ်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Gap နဲ့ Addidas တို့က တစ်ရက်လုပ်ခ အနိမ့််ဆုံး ကျပ် ၃၆ဝဝ အဆိုပြုထားတာဟာ သင့်တော်ကြောင်း ထောက်ခံထား တယ်လို့ သိရပါတယ်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ အမျိုးသားကော်မတီက ကန့်ကွက်လွှာတွေကို စစ်ဆေးနေပြီဖြစ်ပြီး လာမယ့် သြဂုတ်လကုန်လောက်မှာ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ ထပ်မံတွေ့ဆုံညှိနှိုင်းမှာ ဖြစ်ပါတယ်။