အနည်းဆုံး တစ်ရက်လုပ်ခ ထပ်မံတိုးမြှင့်သွားနိုင်ဖို့ စီစဉ်
2016.08.01

စက်ရုံ အလုပ်ရုံ အလုပ်သမားတွေအတွက် လက်ရှိသတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခလစာ တစ်ရက် ငွေကျပ် ၃၆၀၀ ကို ထပ်တိုးမြှင့်ပေးသွားနိုင်ဖို့ အမျိုးသားလွှတ်တော်ရဲ့ ပြည်တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီက စီစဉ်နေပါတယ်။
ကုန်ဈေးနှုန်းကြီးတာကြောင့် တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ ဟာ မလောက်ငှသလို အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင်နည်းနေတာကြောင့် တိုးမြှင့်ပေးဖို့ စီစဉ်နေတာဖြစ်တယ်လို့ ပြည်တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီ ဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလှဝ် ဦးကျော်ထွေး က ပြောပါတယ်။
"အနည်းဆုံးလုပ်ခလစာနဲ့ပတ်သက်လို့ လွှတ်တော်မှာလည်း မေးခွန်းမေးထားတယ်လေ၊ လောလောဆယ် ဝန်ကြီးက လုပ်ခလစာပြောင်းလဲပေးဖို့ အစီအစဉ်မရှိတဲ့ သဘောပြောထားတယ်၊ ကျနော်တို့က ဥပဒေအရ ၂ နှစ် တစ်ခါ ပြန်လည်သုံးသပ်ရမယ့် သဘောလည်းရှိတယ်၊ ကျနော်တို့တွေက ပြည်သူတွေကြားထဲမှာ နေနေတဲ့ လူတွေဖြစ်တော့ ပြည်သူလူထုအနေနဲ့ ဒီ ၃၆ဝဝ နဲ့ လုံးဝမလောက်ငှဘူး၊ တခြားနိုင်ငံတွေနဲ့ယှဉ်ရင်လည်း နိမ့်ပါးနေသေးတယ်၊ နိုင်ငံထဲမှာရှိတဲ့ လုပ်သားထုတွေအတွက် ဘယ်လောက်တိုးမြှင့်ပေးနိုင်မလဲဆိုတာကို ကျနော်တို့စတင်ပြီး စီစဉ်နေတာပါ"
အလုပ်ရှင် အလုပ်သမား အားလုံးအဆင်ပြေနိုင်မယ့် နှုန်းထားတစ်ခု သတ်မှတ်နိုင်ဖို့အတွက် အစိုးရ၊ လုပ်ငန်းရှင်၊ ကုန်သည်၊ ကုန်ဈေးနှုန်းစောင့်ကြည့်သူတွေ စတဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေ ကျွမ်းကျင်ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေး သွားမှာဖြစ်ပါတယ်။
အနည်းဆုံးအခကြေးငွေဥပဒေမှာ သတ်မှတ်ထားတဲ့ နှုန်းထားကို နှစ်နှစ်တစ်ကြိမ် ပြန်လည်သုံးသပ် ပြင်ဆင်နိုင် တယ်လို့ သတ်မှတ်ထားတဲ့အတွက် ကုန်ဈေးနှုန်း အတက်အကျအလိုက် လိုအပ်တဲ့အချိန်မှာ ပြင်ဆင်သတ်မှတ်သွား ရမှာ ဖြစ်တယ်လို့လည်း ဦးကျော်ထွေး က ပြောပါတယ်။
အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသားကော်မတီက တစ်နိုင်ငံလုံးက အလုပ်သမားတွေကို လုပ်ငန်း အမျိုးအစားမရွေး တစ်ရက်အနည်းဆုံးလုပ်ခလစာ ကျပ် ၃၆၀၀ နှုန်းပေးဖို့ သတ်မှတ်ပြီးနောက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကစပြီး အကျုံးဝင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာ အလုပ်ရှင်တွေက အလုပ်သမားအားလုံးကို ငွေကျပ် ၃၆၀၀ နဲ့သာ တန်းတူလုပ်ခပေးတာကြောင့် လုပ်သက်များသူတွေအတွက် ကျွမ်းကျင်ကြေး၊ အချိန်ပိုကြေးတွေ မရှိတော့တဲ့အတွက် အခက်အခဲတွေ ဖြစ်ခဲ့ပြီး အလုပ်ရှင်နဲ့ အလုပ်သမားအကြား လုပ်ခလစာ ပြဿနာတွေ ပြန်လည်ဖြစ်ပေါ်ခဲ့ပါတယ်။