အနည်းဆုံးလုပ်ခ ကိစ္စ စတင်ဆွေးနွေး
2015.06.22

အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေဟာ အနည်းဆုံး လုပ်ခလစာနှုန်းထားကို အပြီးသတ် သတ်မှတ်နိုင်ဖို့အတွက် ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ ဒီနေ့ စတင်ဆွေးနွေးနေကြပါတယ်။
အဲဒီဆွေးနွေးပွဲကို ၂ရက်ကြာ ကျင်းပမှာဖြစ်ပြီး ရရှိလာတဲ့ အနည်းဆုံးလုပ်ခလစာ နှုန်းထားကို လွှတ်တော်နဲ့ ပြည်ထောင်စုအစိုးရထံ တင်ပြပြီး အတည်ပြုချက် ရယူသွားမှာဖြစ်တယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်လင်း က ပြောပါတယ်။
"နှစ်ရက်တာ ဆွေးနွေးပွဲကနေပြီးတော့ အဆိုပြုချက်နှုန်းထားကို ကျနော်တို့ လွှတ်တော်ဥပဒေကြမ်းကော်မတီ နဲ့ ပြည်ထောင်စုအစိုးရကို တင်ပြပြီးတော့ တရားဝင်ကြေညာပေးမှာဖြစ်ပါတယ်"
ဒီနေ့ဆွေးနွေးပွဲမှာ အလုပ်သမား ကိုယ်စားလှယ်တွေက တိုင်းနဲ့ပြည်နယ်အားလုံးမှာရှိတဲ့ အလုပ်သမားတွေအတွက် တစ်နေ့ လုပ်ခ ကျပ် ၄ထောင် သတ်မှတ်ပေးဖို့ အဆိုပြုထားပေမယ့် အထည်ချုပ်လုပ်ငန်းရှင်တွေက ကန့်ကွက်ထားတယ်လို့ သိရပါတယ်။
၂ရက်ကြာ ဆွေးနွေးပွဲမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေဘက်က အဆိုပြုလာတဲ့ လစာနှုန်းထားတွေကို ကြားချပြီး နှုန်းထားတစ်ခုကို သတ်မှတ်မှာဖြစ်တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲကို အလုပ်သမားဝန်ကြီးဌာန၊ လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားကိုယ်စားလှယ်တွေ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ကြပါတယ်။
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်လင်းကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်တာတစ်ခုထဲနဲ့ အလုပ်ရှင်အလုပ်သမားတွေရဲ့ ပြဿနာပြေလည်ဖို့ မလွယ်ကူဘဲ အစိုးရက ထိန်းချုပ်ဆောင်ရွက်ပေးရမှာတွေ အများကြီးရှိတယ်လို့ မြန်မာကုန်သည်နဲ့ စက်မှုလုပ်ငန်းရှင်များအသင်း တွဲဘက်အထွေထွေအတွင်းရေးမှူ; ဦးအေးလွင်က ပြောပါတယ်။ ဦးအေးလွင်ကို မခက်မာ ဆက်သွယ်မေးမြန်း ထားပါတယ်။