ရခိုင်ပြည်နယ်စစ်ရေး ထိပ်သီးခေါင်းဆောင်တွေ အရေးပေါ်ဆွေးနွေး
2019.01.07

ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခနဲ့ ပတ်သက်လို့ နိုင်ငံထိပ်သီးခေါင်းဆောင်တွေ ဒီနေ့ညနေပိုင်းက အရေးပေါ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
နေပြည်တော် သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ ဒီအရေးပေါ်အစည်းအဝေးကို သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူ၊ ရင်းနှီးမြှုပ်နံှမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနဲ့ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တို့ တက်ရောက်ကြတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
အစည်းအဝေးမှာ ရခိုင်ပြည်နယ်နဲ့ နယ်စပ်လုံခြုံရေးကိစ္စအပါအဝင် ပြည်တွင်းလုံခြုံရေးနဲ့ နိုင်ငံတကာဆက်ဆံရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တချိန်တည်းမှာပဲ ဒီနေ့ညနေပိုင်းက သမ္မတအိမ်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက… ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ရက္ခိုင့်တပ်မတော် AA အဖွဲ့ကို ထောက်ခံနေတာတွေ ရပ်တန်းကရပ်ဖို့ သတိပေးပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ AA အဖွဲ့ကို သောင်းကျန်းသူအဖြစ် သတ်မှတ်ထားပြီး စစ်ဆင်ရေးကို ထိထိရောက်ရောက်ဆောင်ရွက်ဖို့ တပ်မတော်ကို နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားတယ်လို့လည်း ဦးဇော်ဌေးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။