ငါန်းဇွန်မြို့နယ်မှာ လေးရက်အတွင်း အရပ်သားခြောက်ဦး သတ်ဖြတ်ခံရ
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်မှာ ဇန်နဝါရီလ ၄ ရက်ကနေ ၇ ရက်အထိ ဒေသခံအရပ်သား ခြောက်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့မှာ ငါန်းဇွန်မြို့နယ် စီကောင်းရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းနဲ့ ဇနီး ဒေါ်ငွေအေး၊ ဇန်နဝါရီ ၅ ရက်မှာ သံဘိုရွာက ဒေသခံ ဦးနိုင်နဲ့ ဒေါ်အေးမြ၊ ဇန်နဝါရီ ၆ ရက်မှာ ထန်းတပင်ရွာက ဒေသခံ ဦးကြိုင်၊ ဇန်နဝါရီ ၇ ရက်မှာ မြို့သာအရှေ့ရွာက ဦးဒီမိုးတို့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာပါ။
သေဆုံးသူတွေထဲမှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပါဝင်သလို သာမန်အရပ်သားတွေလည်း ပါဝင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သေသွားတဲ့သူတွေထဲမှာ အုပ်ချုပ်ရေးမှူးရော၊ အရပ်သားတွေရော ပါတယ်။ ဘာကြောင့် ပစ်သတ်တာလဲဆိုတာ မသိရသလို၊ ဘယ်အဖွဲ့အစည်းက ပစ်တာလဲ ဆိုတာလဲ လက်သည်မပေါ်ဘူး ဖြစ်နေတယ်။ သေသွားတဲ့အထဲက တချို့ဒေသခံတွေဆို ကောင်းရောင်း၊ ကောင်းဝယ် လုပ်စားနေကြသူတွေပါ"
စစ်ကောင်စီအတွက် ဝါဒဖြန့်ချိရေးသားနေတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ငါန်းဇွန်မြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေက ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ရေးသားနေပါတယ်။ ဒါနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ငါန်းဇွန်မြို့နယ်အတွင်း ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်သတ်ဖြတ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။