ချင်းပြည်နယ် အခြေခံ ဥပဒေပြင်ဆင်ရေး လူထုဆန္ဒ ခံယူပွဲ ဒေါ်အောင်ဆန်းစုကြည် တက်မည်
2013.12.27

လာမယ့် ဇန်နဝါရီလဆန်း ပထမပတ်မှာ ချင်းပြည်နယ်မှာ ကျင်းပမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒကောက်ခံပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ဟောပြောမယ်လို့ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ခြေမခွဲစိတ်ထားတဲ့ဒဏ်ရာ သက်သာနေပြီဖြစ်တဲ့အတွက် လမ်းပြန်လျှောက်နိုင်ပြီး ဟောပြောဖို့အတွက်လည်း အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဒေါက်တာ တင်မျိုးဝင်းက ပြောပါတယ်။
"သွားဖြစ်ပါတယ်၊ တချို့အင်တာနက်ထဲမှာ မသွားဖြစ်ဘူး၊ ဘာတို့ပြောလို့လေ၊ ကျိန်းသေသွားမှာပါ၊ မနေ့က ချုပ်ရိုးဖြေတယ်၊ အားလုံးအခြေအနေကောင်းတယ်၊ လမ်းလျှောက်လို့ရတယ်၊ ခြေထောက်ထောက်လို့ရတယ်၊ အဲဒါကြောင့် သူစကားပြောလို့ရတယ်၊ အဲဒါကြောင့်မို့ မသွားဖြစ်စရာအကြောင်းမရှိဘူး၊ ခြေထောက်ခွဲထားတာကလွဲရင် ကျန်းမာရေး အခြေအနေ အားလုံးကောင်းပါတယ်၊ သွေးရော ဒီဓာတ်မှန်တွေရော အဆုတ်ပိုင်းဆိုင်ရာ နှလုံးပိုင်း ဆိုင်ရာ အားလုံးစစ်ထားတာ အားလုံးကောင်းပါတယ်၊ ပုံမှန်အတိုင်းပဲပေါ့နော်၊ ကျန်းမာရေးကောင်းတဲ့ အတွက် သွားမှာပါ"
ဒေါ်အောင်ဆန်းစုကြည်ဟာ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်မလား အသစ်ပြန်ရေးမလားဆိုတဲ့ လူထုဆန္ဒကောက်ခံပွဲတွေကို ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်နဲ့ ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့တွေမှာ ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ခြေမခွဲစိတ်အပြီး အရင်ကစီစဉ်ထားတဲ့ ဒီဇင်ဘာလနှောင်းပိုင်း နယ်ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရပါတယ်။