ဒေါ်အောင်ဆန်းစုကြည် ဟိုနိုလူလူမြို့က ငြိမ်းချမ်းရေး ဖိုရမ်မှာ စကားပြောမည်

အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ အမေရိကန် ပြည်ထောင်စု နဲ့ တောင်ကိုးရီးယား နိုင်ငံတွေကို ဇန်နဝါရီလ ၂၄ရက် ဒီကနေ့မှာ စတင်ထွက်ခွာသွားပြီး၊သူမဟာ လာမယ့် ဇန်နဝါရီလ ၂၆ ရက်နေ့ အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီကျွန်းကဟိုနိုလူလူမြို့မှာ ကျင်းပမယ့် နိုင်ငံတကာ ရိုတရီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ “Rotary Global Peace Forum” မှာ မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

2013.01.24
dassk_trip_honolulu_korea_305.jpg အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကိုရီးယားနဲ့ အမေရိကန် ပြည်ထောင်စု၊ ဟာဝိုင်ယီပြည်နယ်၊ ဟိုနိုလူလူမြို့မှာ ကျင်းပမယ့် နိုင်ငံတကာ ရိုတရီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်ရောက်ရန် ဇန်နဝါရီ ၂၄ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆို်င်ရာ လေဆိပ်ကနေ ထွက်ခွာစဉ်
Photo: RFA

ဟိုနိုလူလူမြို့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ နိုင်ငံတကာက လူမျိုးပေါင်းစုံ တက်ရောက်ကြပြီး ထင်ရှားတဲ့ ခေါင်းဆောင်တွေရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအပေါ် အမြင်သဘောထား အနာဂတ်ဆောင်ရွက်သွားနိုင်မယ့် နည်းလမ်းတွေကို အဓိကထားပြီး အမြင်ချင်း ဖလှယ်ကြတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။

အဲဒီပွဲကို တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ကိုတော့ အထင်ကရ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် အနေနဲ့ ဖိတ်ကြားခဲ့တာပါ။

အဲဒီမှာ ဟာဝိုင်အီ ငြိမ်းချမ်းရေးဆု ကိုလည်း လက်ခံရယူမှာဖြစ်သလို ဟာဝိုင်အီပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ အဲဒီမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံဖွား မိသားစုတွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ အမျိူးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောပါတယ်။

ဟာဝိုင်အီကျွန်းကနေ တဆင့် ဇန်နဝါရီလ ၂၉ ရက်နေ့မှာတော့ တောင်ကိုးရီးယားနိုင်ငံကို သွားရောက်ပြီး တောင်ကိုးရီးယား သမ္မတ မစ္စတာ လီမြောင်ဘတ် ၊ သမ္မတသစ်အဖြစ် ရွေးချယ်တင်မြောက်ခြင်း ခံထားရတဲ့ မစ္စ Park Geun-Hye ပတ်ခွန်းဟဲ တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။