အမျိုးသမီးခေါင်းဆောင် နည်းရတာ စစ်အာဏာရှင် စနစ်ကြောင့် လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
2013.10.04

မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်တွေ နည်းပါးနေခြင်းရဲ့ အဓိကအကြောင်းဟာ စစ်အာဏာရှင် စနစ်အောက်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရ တာကြောင့်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ ဒီနေ့စတင်ကျင်းပတဲ့ "နိုင်ငံရေးတွင် အမျိုးသမီးများ ဦးဆောင်မှုဆွေးနွေးပွဲ" မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံက အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဥရောပတိုက်က အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်နေကြတဲ့ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆို ခဲ့တာပါ။
“မြန်မာနိုင်ငံမှာ အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်တွေ ဘာကြောင့်နည်းပါးနေသေးသလဲဆိုရင် နှစ် ၅ဝ လောက် စစ်အာဏာရှင်စနစ်အောက် မှာ နေခဲ့ရလို့ဖြစ်ပါတယ်၊ စစ်အာဏာရှင် အစိုးရလက်ထက်က အန်အယ်လ်ဒီအပါအဝင် ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို အမြဲတမ်းလို ဖမ်းဆီးထိန်းသိမ်းထားခဲ့တာကြောင့် မိသားစုအိမ်ထောင်ရေးကိစ္စတွေကို အမျိုးသမီးတွေကပဲ ဦးဆောင်တာဝန်ယူဆောင်ရွက်နေခဲ့ကြရတာဟာ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်”
၂ ရက်ကြာကျင်းပမယ့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များအတွက် နိုင်ငံတကာညီလာခံကို ဥရောပသမဂ္ဂနဲ့ အာရှတိုက်နိုင်ငံပေါင်း ၁၃ နိုင်ငံက အမျိုးသမီးပါလီမန်အမတ်တွေ တက်ရောက်ခဲ့ကြပါတယ်။