တီးတိန်မြို့ လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့

ဘယ်အစိုးရ၊ ဘယ်နိုင်ငံရေးပါတီပဲဖြစ်ဖြစ် ဒီမိုကရေစီစနစ်ကို ယုံကြည်တယ်ဆိုရင် ပြည်သူတွေကို တန်ဖိုးထားရမှာဖြစ်ပြီး၊ ကိုယ်လုပ်ချင်တဲ့အလုပ်တွေ ကိုလည်း ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ရှင်းပြရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလိုက်ပါတယ်။
ချင်းပြည်နယ် တီးတိန်မြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဒေသခံတွေ ကို ပြောကြားစဉ် ထည့်သွင်းပြောခဲ့တာပါ။
“တကယ် ဒီမိုကရေစီကို ယုံကြည်ရင် ပြည်တွေကို တန်ဖိုးထားရမယ်၊ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေကို ပြည်သူတွေကို ပွင့်ပွင်းလင်းလင်း ဖြောင့်ဖြောင့်မတ်မတ်နဲ့ ရှင်းပြရမယ်၊ အဲဒီလိုမလုပ်တဲ့ အဖွဲ့အစည်းများ အဲဒီလိုမလုပ်တဲ့ အစိုးရများဟာ ခပ်တိုတိုပြောရရင် တကယ့်ဒီမိုကရေစီကို ယုံကြည်ချက်မရှိတဲ့ အစိုးရတွေ အဖွဲ့အစည်းတွေပဲ ဖြစ်တယ်”
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က လူမျိုးမတူ ကိုးကွယ်တဲ့ဘာသာမတူပေမဲ့ စိတ်နှလုံးသားချင်းတူရင် နိုင်ငံအတွက် အလုပ်အတူလုပ်နိုင်မှာ ဖြစ်တယ်လို့ ဒီနေ့မနက်အစောပိုင်းက ကလေးမြို့နယ်မှာ ပြောခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ တီးတိန်မြို့နယ် ဇိုနွမ်းဇန်ကျေးရွာမှာ ကျပ်သိန်း ၅၀၀ တန် မူလတန်းလွန်ကျောင်းကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီ မူလတန်းလွန်ကျောင်းဟာ ရွှေပါရမီ ပညာရေးဖေါင်ဒေးရှင်း ဦးဆောင်ဆရာတော် အရှင်ဆန္ဒာဓိကက ဆောက်လုပ်လှူဒါန်းထားတာ ဖြစ်ပါတယ်။
ဒီအကြောင်းတွေကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။