ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို ဒီဇင်ဘာ ၆ ရက်နေ့ အမိန့်ချမည်

2021.11.22
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို ဒီဇင်ဘာ ၆ ရက်နေ့ အမိန့်ချမည် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော်မှာ ၂၀၁၆ ခုနှစ်က တွေ့ရစဉ်
AFP Photo

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ်  စွဲဆိုထားတဲ့ အမှုတွေထဲက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ အမှုအတွက် လာမယ့် ဒီဇင်ဘာလ ၆ ရက် နေ့မှာ အမိန့်ချမယ်လို့ ရှေ့နေတွေနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက စုံစမ်းသိရပါတယ်။

နိုဝင်ဘာ ၂၂ ရက် ဒီကနေ့ နေပြည်တော်က အထူးတရားရုံးမှာ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ အမှုအတွက် အပြီးသတ်လျှောက်လဲချက်ပေးခဲ့ ပြီးတဲ့နောက် တရားရုံးကနေ ခုလို အမိန့်ချခဲ့တာလို့ သိရပါတယ်။

အဲဒီအမှုတွေကတော့ ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မဲဆွယ်ယာဉ် တန်း လှည့်လည်တာကို ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က နေအိမ်ရှေ့ထွက်ပြီး လက်ပြတာဟာ ကိုဗစ်စည်းကမ်းတွေနဲ့ မညီဘူးဆိုတဲ့စွပ်စွဲချက်နဲ့ သဘာဝဘေးပုဒ်မနဲ့ စွဲဆိုထားတဲ့အမှုတွေ ဖြစ်ပါတယ်။

သူတို့ နှစ်ဦးစလုံးကတော့ ဒီအမှုတွေနဲ့ပတ်သက်လို့ အပြစ်မရှိကြောင်း ရှေ့ရုံးချိန်းတွေမှာ ထွက်ဆိုထားပြီး ဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဟာ အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်ထိ ချမှတ်နိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။

ဒီကနေ့ တရားရုံးချိန်းမှာဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကို နောက်ထပ်စွဲဆိုထားတဲ့ ဆက်သွယ်ရေး ဥပဒေနဲ့ ပို့ကုန်သွင်းကုန် အမှုနှစ်ခုတို့အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သက်သေ ထွက်ဆိုခဲ့ပါတယ်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို မီဒီယာတွေနဲ့ ဆက်သွယ်ပြောဆိုခွင့် ပိတ်ပင်ထားလို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သက်သေထွက်ဆိုချက် အသေးစိတ်တွေကို မသိရပါဘူး။

ဒီအမှုတွေကတာ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းစဉ်အချိန်မှာ သူရဲ့ သက်တော်စောင့် တွေ၊ ဂိတ်ကင်းတဲနဲ့ ကိုယ်ရေးအရာရှိဆောင်တို့မှာ စကားပြောစက်တွေနဲ့ Jammer တစ်စုံတို့ကို တွေ့ရှိတာနဲ့ ပတ်သက်လို့ စွဲဆိုထားတဲ့အမှုတွေပါ။

အဲဒီအမှုတွေအတွက်ကတော့ လာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့မှာ နှစ်ဖက်လုံးက အပြီးသတ် လျှောက်လဲချက် ပေးရမှာ ဖြစ်ပါတယ်။

ဒီကနေ့ တရားရုံးမှာ အမှုတွေစတင်မစစ်ခင်မှာ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သူတို့ရဲ့ ရှေ့နေတွေ လူချင်းတွေ့ဆုံခွင့်ရခဲ့ပြီး သူတို့ နှစ်ဦးလုံး ကျန်းမာရေးကောင်းမွန်နေတယ်လို့ ရှေ့နေတွေနဲ့ နီးစပ်တဲ့ အသိုင်း အဝိုင်းက စုံစမ်းသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၅) အပါအဝင် အမှုစုစုပေါင်း ၁၁ မှုနဲ့ တရားရင်ဆိုင်နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။