ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှို့ဝှက်အက် ဥပဒေအမှု ဒီနေ့ရုံးထုတ် ရှေ့နေဝင်ခွင့် ကန့်သတ်ခံရ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ် အပါအဝင် ပြည်ထောင်စုဝန်ကြီး သုံးဦးတို့ကို စွဲဆိုထားတဲ့ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) အမှုအတွက် စက်တင်ဘာလ ၃၀ ရက် ဒီကနေ့ နေပြည်တော်က အထူးတရားရုံးကို ပြောင်း ရွှေ့ပြီး ရုံးထုတ်စစ်ဆေးခဲ့ပေမယ့် ရှေ့နေတွေဝင်ခွင့် ကန့်သတ်ခံခဲ့ရပါတယ်။
ရှေ့နေတွေအားလုံး မနက် ၈ နာရီအချိန် ဇဗ္ဗူသီရိရဲစခန်းကိုရောက်ချိန်မှာ တရားခွင်ဧရိယာ အခက်အခဲ ကြောင့် အရေအတွက်လျော့ချဖို့ ရဲအရာရှိက ပြောခဲ့တာကြောင့် ရှေ့နေအချို့ကျန်နေခဲ့ကြပေမယ့် တရားရုံး ရောက်ချိန်မှာ တစ်ယောက်စီသာ ဝင်ခွင့်ပြုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ဝင် ဦးခင်မောင်ဇော် က ပြောပါတယ်။
အခုလိုကန့်သတ်မှုဟာ တရားဥပဒေမှာမရှိတာကြောင့် အစဉ်အလာဖြစ်သွားမှာကို စိုးရိမ်ပြီး တရားသူကြီးထံ တင်ပြခဲ့ရာမှာ တရားသူကြီးကတော့ နောက်တစ်ကြိမ်ရုံးချိန်းမှာ အဆင်ပြေအောင်လုပ်ပေးဖို့ ရဲတွေကို ပြန်ညွှန်ကြားခဲ့တယ်လို့ ဦးခင်မောင်ဇော် က ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မစ္စတာရှောင်တာနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရ လက်ထက် စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းနဲ့ ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း တို့ကို ဒီနေ့ လူကိုယ်တိုင်ရုံးထုတ်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်ရုံးချိန်းကတည်းက စွပ်စွဲခံရသူတွေနဲ့ သူတို့ရဲ့ရှေ့နေတွေ လူချင်းတွေ့ဆုံခွင့် တောင်းထားတဲ့ကိစ္စ အပေါ် ဒီနေ့ရုံးချိန်းမှာ နှစ်ဖက်လျှောက်လဲချက် ကြားနာရမှာဖြစ်ပေမယ့် တရားသူကြီးက လျှောက်လဲချက် တွေကို စာနဲ့သေချာတင်ရမယ်ဆိုတာကြောင့် နောက်အပတ်မှ ကြားနားရမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုအပါအဝင် စွပ်စွဲခံရသူတွေနဲ့ သူတို့ရဲ့ရှေ့နေတွေ အရင်က တရားခွင်မစခင် နာရီဝက်နီးပါး အကြာ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပေမယ့် လက်ရှိမှာ တွေ့ဆုံခွင့် ကန့်သတ်ခံထားရတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံရနိုင်တဲ့ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) တို့အပါအဝင် အမှုစုစုပေါင်း ၁၁ မှုနဲ့ အရေးယူခံထားရပါတယ်။