ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ အဂတိအမှု တရားလို စတင်စစ်ဆေး

2021.12.10
ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ အဂတိအမှု တရားလို စတင်စစ်ဆေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချင်းပြည်နယ် ထန်တလန်မြို့မှာ ၂၀၂၀ ဖေဖော်ဝါရီ ၁၉ ရက်နေ့က တွေ့ရစဥ်
Photo: RFA

နေပြည်တော် အထူးတရားရုံးမှာ စစ်ဆေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ အဂတိအမှု ငါးခုထဲက တစ်မှုဖြစ်တဲ့ ရန်ကုန်ရှိ ဒေါ်ခင်ကြည်ဖောင်းဒေးရှင်း ရုံးချုပ်မြေနေရာ အမှုနဲ့ပတ်သက်လို့ ဒီဇင်ဘာ ၁၀ ရက် ဒီနေ့မှာ တရားလိုကို စတင်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာ တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးရဲထက် ကိုယ်တိုင် လာရောက်ထွက်ဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေေတွေဘက်ကလည်း ပြန်လှန် စစ်မေးတာတွေ လုပ်ခဲ့ပါတယ်။

တရားခွင်စစ်ဆေးမှုကို သတင်းသမားတွေနဲ့ အများပြည်သူ ကြည့်ရှုခွင့်မရတာကြောင့် တရားလိုရဲ့ ထွက်ဆို ချက်နဲ့ ပြန်လှန်စစ်မေးချက် အသေးစိတ်ကို အတိအကျ မသိရပါဘူး။ နောက်တစ်ပတ် ရုံးချိန်းမှာတော့ ဒီအမှု အတွက် တရားလိုပြသက်သေ နှစ်ဦးကို စစ်ဆေးဖို့ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ဒီအမှုဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရုံးချုပ်ဖွင့်လှစ်ဖို့ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၆၀) က မြေဧက ၁ ဒဿမ ၈၆ ဧကနဲ့ အဆောက်အဦတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့မညီဘဲ ငှားရမ်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံထားရတာပါ။

ဒီနေ့ရုံးချိန်းမှာ ကျန်အဂတိ လေးမှုကို မစစ်ဆေးဘဲ ငါးမှုစလုံးကို နောက်တစ်ပတ် သောကြာ ဒီဇင်ဘာ ၁၇ ရက်နေ့ကို ရုံးချိန်း ပြန်လည်ချိန်းဆိုထာားပါတယ်။

အဂတိအမှုတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီနေ့ လူကိုယ်တိုင်ရုံးထုတ်ခဲ့တဲ့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော်စည်ပင်အဖွဲ့ဝင် ဦးမင်းသူတို့ လေးဦးစလုံး ကျန်းမာရေးကောင်းမွန်နေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရ လျှို့ဝှက်ချက်များဥပဒေ ပုဒ်မ - ၃ (၁)(ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၁ ခုနဲ့ ဖမ်းဆီးတရားစွဲခံထားရပါတယ်။

အဲဒီအထဲက သဘာဝဘေးဒဏ်နဲ့ ၅၀၅ (ခ) နှစ်မှုအတွက် ထောင်ဒဏ် လေးနှစ် ချမှတ်ခံထားရပြီး နှစ်နှစ် ပြန်လျှော့ပေးထားပါတယ်။ အမိန့်ထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ မဲမသမာမှု၊ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ ပတ်သက်တဲ့ နောက်တိုးအဂတိအမှု စတဲ့အမှု နှစ်ခုနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုးအရေးယူဖို့ စစ်ကောင်စီဘက်က စီစဉ်နေပါတယ်။ တကယ်လို့ တရားရုံးက နောက်တိုးနှစ်မှုကို စွဲချက်တင်ဖို့ ခွင့်ပြုလိုက်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပေါ် စွဲဆိုထားတဲ့အမှု စုစုပေါင်း ၁၃ မှု ဖြစ်လာတော့မှာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။