ဒေါ်အောင်ဆန်းစုကြည်၏ အဂတိအမှုများ ဆက်လက် စစ်ဆေး

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော်စည်ပင်အဖွဲ့ဝင် ဦးမင်းသူတို့ကို နေပြည်တော်က အထူးတရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။
ဒီနေ့ ရုံးချိန်းမှာတော့ သူတို့ကို စွဲထားတဲ့ အဂတိအမှုတွေထဲက ရာဇသတ်ကြီးအမှု အမှတ် (၃) နဲ့ (၄) အတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကို တရားလိုပြသက်သေ အဖြစ် ဒီနေ့ အပြန်အလှန် စစ်မေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို အမှုတွေအကြောင်း ထုတ်ဖော်ပြောဆိုခွင့်ကို စစ်ကောင်စီက ပိတ်ထားတာကြောင့် အပြန်အလှန် စစ်မေးချက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
အဲဒီအမှုနှစ်ခုမှာ အမှုအမှတ် (၃) က နေပြည်တော် ဥတ္တရသီရိမြို့နယ်က မြေ ၁၀၁ ဧကကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် ဂရန်ချထားပေးတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ မျိုးအောင်နဲ့ ဦးမင်းသူ တို့ကို အရေးယူထားတဲ့အမှု ဖြစ်ပါတယ်။
အမှုအမှတ် (၄) ကတော့ နေပြည်တော် ပုဗ္ပသီရိမြို့နယ်ထဲမှာ မြေ ၂၉ ဧကကို နေပြည်တော်စည်ပင်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ပေးလိုက်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ မျိုးအောင်နဲ့ ဦးရဲမင်းဦး တို့ကို အရေးယူထားတဲ့အမှုတွေ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနဲ့ ဒေါ်လာတွေ ပေးတယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ရင်ဆိုင်နေရတဲ့ အမှုနဲ့ပတ်သက်လိုတော့ လာမယ့် ရုံးချိန်းမှာ တရားလိုပြသက်သေ နှစ်ဦးကို စစ်ဆေးဖို့ရှိနေတယ်လို့ဆိုပါတယ်။
ဒီနေ့ အဂတိအမှု လေးမှုလုံးကိုတော့ နောက်တစ်ပတ် သောကြာနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များဥပဒေ ပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၁ ခုနဲ့ ဖမ်းဆီးတရားစွဲ ခံထားရတာဖြစ်ပါတယ်။