ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ် NLD ထုတ်ပြန်မည်
2015.06.13

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးစဉ်အပြီးမှာ ခရီးစဉ်နဲ့ပတ်သက်ပြီး အများပြည်သူသိရှိအောင် ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ဇွန်လ ၁၄ ရက်နေ့ ပြန်လည်ရောက်ရှိမှာဖြစ်ပြီး ၅ ရက်ကြာ တရုတ်ပြည်ခရီးစဉ်အတွင်း အဓိကကျတဲ့ အကြောင်းအရာတွေကို ထုတ်ပြန်သွားမှာဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ပြောပါတယ်။
"သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အချိန်ရှိမှာမဟုတ်ဘူး၊ မနက်ဖြန်ညနေရောက်ပြီးလို့ရှိရင် သန်ဘက် ခါ နေပြည်တော် တန်းတက်မှာ၊ လွှတ်တော်ပြန်တက်ရမှာ အဲ့ဒီတော့ ကြိုပြီးသတင်းစာရှင်းလင်းပွဲတော့ မလုပ်နိုင်ဘူး၊ သို့သော်လည်း ဒါနဲ့ပတ်သက်ပြီးတော့ အဓိကကျတဲ့အချက်တွေကိုတော့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားတဲ့အချက်တွေမူတည်ပြီး ကျနော်တို့ကို ပြန်ကြားရေးတစ်ခုလုပ်ဖို့အတွက် တရုတ်ပြည်သွားတဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့မှ သဘောထားတစ်ခုတော့ ထုတ်ပြန်ကြေညာဖို့တော့ ဒေါ်အောင်ဆန်းစုကြည် ကျနော်တို့ကို တိုက်တွန်းပါတယ်"
တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁ဝ ရက်နေ့က သွားရောက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီခရီးစဉ်မှာ တရုတ်နိုင်ငံသမ္မတ Xi Jinping အပါအဝင် တခြားတရုတ်ထိပ်တန်း ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
NLD ဗဟိုကော်မတီဝင် ဦးဝင်းထိန်ကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။