ဆစ်ဒနီ လူထုတွေ့ဆုံပွဲ ကျန်းမာရေးကြောင့် နိုင်ငံတော် အတိုင်ပင်ခံ မတက်ရောက်နိုင်
2018.03.19

သြစတြေးလျနိုင်ငံကို ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆစ်ဒနီမြို့မှာ ဒီနေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ လူထုတွေ့ဆုံပွဲကို ကျန်းမာရေးအခြေအနေကြောင့် မတက်ရောက်နိုင်တော့ကြောင်း ပွဲစီစဉ်သူတွေက ပြောပါတယ်။
ဆစ်ဒနီမြို့ Lowy Institute မှာ ကျင်းပမယ့် အဲဒီ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြား မှာဖြစ်ပြီး၊ အမေးအဖြေ အစီအစဉ်လည်း ပါဝင်ပါတယ်။ ဒါပေမဲ့ မနေ့ညနေပိုင်းမှာ သြစတြေးလျဆိုင်ရာ မြန်မာ သံရုံးက ဒေါ်အောင်ဆန်းစုကြည် နေထိုင်မကောင်းဖြစ်နေတဲ့အတွက် မတက်ရောက်နိုင်တော့ကြောင်း ဖုန်းဆက် အကြောင်းကြားလာတဲ့အတွက် ပွဲအစီအစဉ်ကို ဖျက်သိမ်းလိုက် ရကြောင်း Lowy Institute က ကြေညာချက် ထုတ်ပြန်ပါတယ်။
မနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကင်ဘာရာမြို့မှာ သြစတြေးလျဝန်ကြီးချုပ် Malcolm Turnbull နဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာ အရေးနဲ့ လက်ရှိ မြန်မာနိုင်ငံ ရဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံ နဲ့ သြစတေးလျ ထိပ်သီးအစည်းအဝေးမှာလည်း ရခိုင်ပြည်နယ် ပြဿနာကို အကျယ်တဝင့် ရှင်းလင်းပြောဆိုခဲ့ပါတယ်။
မနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကင်ဘာရာမြို့မှာ သြစတြေးလျရောက် မြန်မာနိုင်ငံသား ၆၀၀ ကျော်နဲ့ တွေ့ဆုံခဲ့ပါတယ်။