အတိုင်ပင်ခံပုဂ္ဂိုလ် ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်
2018.11.12

မြန်မာနိုင်ငံက မဖံ့ွဖြိုးသေးတဲ့ကဏ္ဍတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ၃၃ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဖိတ်ခေါ်လိုက်ပါတယ်။
စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မိန့်ခွန်းစကား ပြောကြားဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။
အရှေ့တောင်အာရှဒေသရဲ့ နောက်ဆုံး စီးပွားရေးနယ်ပယ်သစ်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ မြေရှိတယ်၊ ငယ်ရွယ် ပျိုမြစ်တဲ့ အလုပ်အင်အားစုရှိတယ်၊ ကျောက်မျက်ရတနာတွေ၊ ကျယ်ပြန့်တဲ့ ရေမြေတွေရှိတယ်၊ မရှာဖွေရ သေးတဲ့ သဘာဝအရင်းအမြစ်တွေရှိတယ်၊ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ကိုယ့်စီးပွားရေး အောင်မြင်ဖို့ တစ်ခုသာ မကြည့်ဘဲ မြန်မာပြည်မှာရှိတဲ့ လူသားအရင်းအမြစ်တွေကိုပါ တိုးတက်ဖံ့ွဖြိုးအောင် ရင်းနှီးမြှုပ်နှံကြပါ လို့ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ကြောင့် အရင်ကထက် လုပ်ကိုင်ရလွယ်ကူလာသလို ကုမ္ပဏီတွေ မှတ်ပုံတင်ရတာလည်း အွန်လိုင်းကနေ လွယ်ကူစွာဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ စစ်အုပ်ချုပ်ရေး အောက်မှာ ကာလကြာရှည်ရောက်ခဲ့ရတဲ့ မြန်မာနိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ အထူးသဖြင့် အာရှတိုက်က ရင်းနှီးမြှုပ်နှံသူတွေရဲ့ အကူအညီတွေ လိုအပ်နေကြောင်း ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ ရခိုင်အရေးနဲ့ ပတ်သက်လို့တော့ တစ်စုံတစ်ရာ မပြောကြားခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီ ထိပ်သီးအစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာလည်း တက်ရောက်နေတဲ့အတွက် ဒီခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံပြီး ဒုက္ခသည်တွေအရေး ဆွေးနွေးဖို့ရှိနိုင်ကြောင်း သတင်း တွေ ထွက်ပေါ်နေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး ကို RFA က မေးမြန်းရာမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ရှိ/မရှိ မသိရသေးကြောင်း၊ အစည်းအဝေးမှာတော့ ရခိုင်အရေးကိစ္စ ရှင်းလင်းတင်ပြမယ့် အခြေအနေ ရှိကောင်းရှိနိုင်ကြောင်း ပြန်လည်ဖြေကြားပါတယ်။
ဒါ့ပြင် ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် ဟာ နိုင်ငံအမည်စဉ်အရ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ကပ်လျက်ထိုင်ရမှာဖြစ်လို့ အများက စိတ်ဝင်စားနေကြကြောင်း မလေးရှား သတင်းတွေမှာ ဖေါ်ပြကြပါတယ်။
အာဆီယံ ထိပ်သီးအစည်းဝေးကို နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။