မြန်မာ့အရေးအပေါ် လာအိုရဲ့ဖြေရှင်းနိုင်မှုကို လျှော့မတွက်ဖို့ အာဆီယံအထွေထွေအတွင်းရေးမှူး ပြော

RFA Burmese
2023.10.27
မြန်မာ့အရေးအပေါ် လာအိုရဲ့ဖြေရှင်းနိုင်မှုကို လျှော့မတွက်ဖို့ အာဆီယံအထွေထွေအတွင်းရေးမှူး ပြော အာဆီယံ အထွေထွေအတွင်းရေးမှူး ကအို ကင်မ် ဟောင် (Kao Kim Hourn) အား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့တွင် ၃၄ ကြိမ်မြောက် အာဆီယံညှိနှိုင်းရေးကောင်စီ အစည်းအဝေး၌ တွေ့ရစဉ်။
AFP

မြန်မာပြည် ငြိမ်းချမ်းရေး ပြန်ရဖို့ အာဆီယံရဲ့ ဆောင်ရွက်ချက်တွေကို လာမယ့်နှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌသစ် လာအိုနိုင်ငံရဲ့ ဦးဆောင်မှုအောက်မှာ ဆက်လက် ဆောင်ရွက်သွားမယ်လို့ အာဆီယံ အထွေထွေအတွင်းရေးမှူး ကအို ကင်မ် ဟောင် (Kao Kim Hourn) က Nikkei Asia သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောလိုက်ပါတယ်။

အာဆီယံ အထွေထွေအတွင်းရေးမှူး ကအို ကင်မ် ဟောင်နဲ့ မေးမြန်းချက်ကို Nikkei Asia က အောက်တိုဘာ ၂၇ ရက်နေ့မှာ ဖော်ပြခဲ့တာပါ။

လာမယ့်နှစ်မှာ အာဆီယံဟာ မြန်မာနိုင်ငံအရေးအတွက် အင်ဒိုနီးရှားနိုင်ငံမှာ လုပ်ခဲ့တဲ့အတိုင်း ဆက်လုပ်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံ ပြဿနာအပေါ် လာအိုနိုင်ငံရဲ့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကို လျှော့မတွက်သင့်ဘူးလို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံအရေးကို ဖြေရှင်းဖို့ ကြိုးပမ်းတဲ့နေရာမှာ အာဆီယံအဖွဲ့ဝင်တွေကြားမှာ စိတ်ဝမ်းကွဲပြားမှုတွေ ရှိနေတယ်ဆိုတာ မဟုတ်ကြောင်းလည်း သူက ငြင်းဆိုပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအရေးကို ဖြေရှင်းဖို့အတွက် အာဆီယံရဲ့ လက်ရှိ ဥက္ကဋ္ဌ၊ အရင် ဥက္ကဋ္ဌနဲ့ နောက် ဥက္ကဋ္ဌ တာဝန်ယူမယ့် နိုင်ငံ သုံးနိုင်ငံ ပူးပေါင်းပြီး ဆောင်ရွက်မယ့် ပုံစံအသစ်ကို ကျင့်သုံးခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလက ဂျကာတာမှာ ကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းအဝေးမှာ အတည်ပြုခဲ့တာပါ။ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အာဆီယံရဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်ချက်တွေ ရှိဖို့ လိုအပ်တဲ့အတွက် ဒီပုံစံသစ်ဟာ ကောင်းမွန်တယ်လို့ လည်း အာဆီယံ အထွေထွေအတွင်းရေးမှူး ကအို ကင်မ် ဟောင်က Nikkei Asia သတင်းဌာနကို ပြောသွားပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနိုင်ငံတွေဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ ရပ်တည်ချက် ရှိပြီး ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့ လာအိုနိုင်ငံကတော့ စစ်ကောင်စီအပေါ်မှာ အလျော့ပေးလိုတဲ့ ရပ်တည်ချက်ရှိတယ်လို့ Nikkei Asia က သုံးသပ်ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။