အာဆီယံအတွင်းရေးမှူးချုပ်နဲ့ ကုလအထူးကိုယ်စားလှယ် မြန်မာ့အရေး ဆွေးနွေး
2025.01.22

မြန်မာပြည်မှာဖြစ်နေတဲ့ အခြေအနေတွေအပေါ် အာဆီယံအတွင်းရေးမှူးချုပ် Dr. KAO KIM HOURN နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ဂျူလီ ဘစ်ရှော့ (Ms. Julie Bishop) တို့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ဆွေးနွေးခဲ့ကြောင်း အာဆီယံက ထုတ်ပြန်ပါတယ်။
ဒီဆွေးနွေးပွဲမှာ အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေး ကြိုးပမ်းမှုမှာ ကုလအေဂျင်စီတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍနဲ့ အာဆီယံဘုံ သဘောတူညီချက် အကောင်အထည်ဖော်မှု တိုးတက်ရေးတို့ကို အဓိက ထားပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တည်ငြိမ်အေးချမ်းရေးကို မြှင့်တင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါမှုတွေအကြောင်း အလေးထား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ ဂျူလီ ဘစ်ရှော့ကို ပြီးခဲ့တဲ့နှစ် ဧပြီလက ခန့်အပ်ခဲ့တာပါ။
မစ္စ ဂျူလီ ဘစ်ရှော့ဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေကို တွေ့ဆုံထားကြောင်း ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်ပိုင်းမှာ ပြောကြားထားပါတယ်။
မြန်မာ့ပဋိပက္ခဟာ အရှိန်ပိုမြင့်တက်လာပြီး ပြည်သူလူထုက မကြုံစဖူး ထိခိုက်နေရတယ်လို့လည်း မစ္စ ဂျူလီ ဘစ်ရှော့က အဲဒီအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ပြည်တွင်းနဲ့ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ အာဆီယံဘုံဘောတူညီချက်ကို စစ်ကောင်စီက အကောင်အထည်ဖော်တာ မရှိသလို အဲဒီသဘောတူညီချက်ဟာ မြန်မာပြည်သူတွေအတွက် ကိုယ်စားမပြုတာကြောင့် အာဆီယံခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့၊ စစ်ကောင်စီကို အာဆီယံ အစည်းအဝေးတွေမှာ တက်ရောက်ခွင့် ကန့်သတ်ဖို့ တိုက်တွန်းထားပါတယ်။