မြန်မာ့အရေးဆွေးနွေးပွဲ ဦးဆောင်ကျင်းပဖို့ ထိုင်းနိုင်ငံ ကမ်းလှမ်းထား
2024.10.11

မြန်မာအကျပ်အတည်း အဆုံးသတ်ရေးအတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာလမှာ လက်ခံကျင်းပဖို့ ထိုင်းနိုင်ငံက ကမ်းလှမ်းထားတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းက အောက်တိုဘာ ၁၀ ရက်နေ့မှာ ဖော်ပြပါတယ်။
လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေး ပထမနေ့မှာပြုလုပ်တဲ့ Online သတင်းစာရှင်းလင်းပွဲမှာ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နီကွန်ဒက် ဖလန်ကွန် (Nikorndej Balankura) က ဒီကမ်းလှမ်းချက်အကြောင်း ပြောခဲ့တာလို့ ဆိုပါတယ်။
ဒီကမ်းလှမ်းမှုကို လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့က ကျောထောက်နောက်ခံ ပေးထားတာကြောင့် အလွတ်သဘောဆွေးနွေးမှု လုပ်ဖြစ်မယ်လို့ ယုံကြည်တယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံက ပဋိပက္ခတွေဟာ အာဆီယံအတွက် အဓိကစိုးရိမ်စရာဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တာတွေကို အရှိန်လျှော့ချရပ်တန့်ပေးဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။
အာဆီယံခေါင်းဆောင်တွေက မြန်မာနဲ့ ဆက်လက် လက်တွဲသွားမှာဖြစ်ပြီး မြန်မာအရေးဟာ အမြန်ပြုပြင်ဖို့ မျှော်မှန်းမရဘဲ အလွန်ရှုပ်ထွေးပြီး စိတ်ရှည်ဖို့လိုတယ်လို့ အာဆီယံ အထွေထွေအတွင်းရေးမှူး ကအိုကင်မ် ဟောင် (Kao Kim Hourn) က ပြောပါတယ်။
လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ တိုးမြှင့်ဖို့ အာဆီယံခေါင်းဆောင်တွေ ကြိုးပမ်းနေချိန်မှာပဲ အာဆီယံအနေနဲ့ မြန်မာရဲ့ ပဋိပက္ခတွေဖြစ်နေတဲ့ အဖွဲ့အစည်းတွေ အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးပွဲကို ဆက်လက် တွန်းအားပေးသွားမယ်လို့ ကအိုကင်မ် ဟောင်က ပြောထားပါတယ်။