ချစ်ကြည်ရေးတံတား ပန္နက်တင် အခမ်းအနားကို အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ဖွင့်လှစ်
2018.12.24

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား ပန္နက်တင် အခမ်းအနားကို ဒလမြို့နယ် ကမာကဆစ်ကျေးရွာ ဗိုလ်မင်းရောင်လမ်းပေါ်က စီမံကိန်းဧရိယာအတွင်း ဒီနေ့ ကျင်းပရာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။
တံတား တည်ဆောက်ရေးကာလဟာ ၅ နှစ်ကြာမြင့်မှာဖြစ်ပြီး စီမံကိန်း ပြီးစီးသွားတဲ့အခါ ရန်ကုန်- ဧရာဝတီတိုင်းကနေတဆင့် ရခိုင်ပြည်နယ်အထိ သွားရောက်နိုင်မှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အခမ်းအနားမှာ ပြောခဲ့ပါတယ်။
အဲဒီစီမံကိန်းဟာ အငြင်းပွားမှုတွေ များနေတဲ့အတွက် ၄ နှစ်နီးပါးကြာ မတည်ဆောက်နိုင်ဘဲဖြစ်နေတာပါ။
ဒလတံတားစီမံကိန်းကို စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမြင့်နိုင်ရဲ့ Asia World ကုမ္ပဏီ၊ မြန်မာ့စက်မှုဆိပ်ကမ်းနဲ့ ဆိပ်ကမ်း အာဏာပိုင် အဖွဲ့တွေက အကြိမ်ကြိမ် ကန့်ကွက်တာတွေကြောင့် ကြန့်ကြာနေတာဖြစ်ကြောင်း ဒလမြို့နယ် တိုင်းဒေသ ကြီးလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင် က ပြောပါတယ်။
ဒေသခံတွေကတော့ တံတားကို အမြန်ဆုံးတည်ဆောက်ပေးဖို့အတွက် ဆန္ဒပြတောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။
ဒလတံတားကို မြန်မာ - ကိုရီးယား ချစ်ကြည်ရေးအနေနဲ့ တည်ဆောက်တာဖြစ်ပြီး အရှည်ပေ ၆ ထောင်ကျော်၊ ပေ ၁၆၀ ကျော်မြင့်ကာ လေးလမ်းသွားအဖြစ် ဆောက်လုပ်မှာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။