ဒလတံတား အကောင်အထည်ဖော်ပေးဖို့ ဆန္ဒပြတောင်းဆို


2018.06.17
dala-bridge-protest-622.jpg ရန်ကုန်-ဒလ တံတားကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့က ချီတက်တောင်းဆိုကြစဉ်
Photo: Thant Zin Oo/ RFA

ရန်ကုန်-ဒလ တံတားကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ ဒေသခံအင်အား တစ်ထောင်ကျော်က ဒီနေ့ မြို့နယ်အတွင်းမှာ ချီတက်တောင်းဆိုခဲ့ကြပါတယ်။

တံတားတည်ဆောက်ပြီးမှသာ ရန်ကုန်မြို့ တဖက်ခြမ်းက ပြည်သူတွေ သွားလာရေး နဲ့ ပညာရေး၊ ကျန်းမာရေး ပြေလည်မှာ ဖြစ်တာကြောင့် အခုလို တောင်းဆိုတာလို့ ဆန္ဒပြပွဲ ဦးဆောင်သူ ဦးအောင်ကျော်မြင့် က ပြောပါတယ်။

"ကျနော်တို့ လက်ရှိ ဒီအပေါ်မှာ ဒါနိုင်ငံတော် အစိုးရကို သိရအောင်လို့၊ ကျနော်တို့ နိုင်ငံတော်မှာလည်း အုပ်ချုပ်နေတဲ့ သမ္မတကြီး ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့ သိရအောင်လို့ ထုတ်ဖော်ခြင်း ဖြစ်ပါတယ်၊ အေး ဒီထက်မှပိုပြီးတော့ ကျနော်တို့ စောင့်ကြည့်လို့ ထပ်မဖြစ်မလာဘူးဆိုရင် ကျနော်တို့ ရေလယ်၊ ရေထဲမှာ ဆန္ဒပြဖို့အစီအစဉ် ရှိပါတယ်၊ ဒါမှမရလို့ရှိရင် ကျနော်တို့ ရန်ကုန်မြို့ ကုန်းပေါ်မှာလည်း ဆန္ဒပြဖို့ အစီအစဉ်များ လည်း ရှိပါတယ်"

ဆန္ဒပြပွဲကို ရန်ကုန်တောင်ပိုင်းခရိုင်ထဲက မြို့နယ်တွေဖြစ်တဲ့ ဒလ၊ တွံတေး၊ ကွမ်းခြံကုန်းနဲ့ ကော့မှူးမြို့နယ်က ဒေသခံတွေအပြင် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲနဲ့ ဖျာပုံမြို့နယ်က ဒေသခံတွေလည်း ပူးပေါင်း ပါဝင်ကြပါတယ်။

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလ တံတားကို မူလအစီအစဉ်အတိုင်း အမြန်ဆုံး အကောင်ထည်ဖော်ပေးဖို့နဲ့ တံတားစီမံကိန်း ကြန့်ကြာအောင် ကန့်ကွက်သူတွေကို အလိုမရှိဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြ တောင်းဆို ကြတာ ဖြစ်ပါတယ်။ တံတားစီမံကိန်းကို ၂၀၁၇ ခုနှစ် နှစ်ကုန်ကတည်းက စတင်တည်ဆောက်ဖို့ စီစဉ်ထားတာ ဖြစ်ပေမယ့် ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ကြား ညှိနှိုင်းမှု အဆင်မပြေသေးတာကြောင့် စီမံကိန်း မစတင်နိုင်တာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။