ဂီရိမုန်တိုင်း ဒုက္ခသည်တသိန်းကျော် အကူအညီလိုအပ်
2010.11.17

မုန်တိုင်းဒဏ်ကြောင့် ဒေသခံတွေရဲ့ ကောက်ပဲသီးနှံနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း အများအပြား ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့လည်း ကုလသမဂ္ဂဆိုင်ရာ လူသားချင်းစာနာထောက်ထားရေးရုံး (OCHA) က ပြောပါတယ်။
RFA က ဆက်သွယ် မေးမြန်းရာမှာ ကုလသမဂ္ဂရုံးက ပြောခွင့်ရပုဂ္ဂိုလ် Nicholas Reader က ကုလသမဂ္ဂရဲ့လုပ်ငန်းတွေကို အစိုးရနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေက ပါဝင်ကူညီပေးကြကြောင်း၊ အဓိက အခက်အခဲကတော့ လမ်းပန်းဆက်သွယ်ရေး ဖြစ်ပြီး မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားတာတွေကို အခုမှ ပြင်ဆင်နေရတော့ အဆက်အသွယ် အလွယ်တကူ လုပ်လို့မရကြောင်း ပြောသွားပါတယ်။
သွားလာရေး အခက်အခဲရှိပေမဲ့ လာမဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ လေဘေးဒုက္ခသည် နှစ်သောင်းနီးပါးအတွက် အစားအစာ တန်ချိန် တတန်ကျော်လောက် အပြီးသတ် ပေးဝေနိုင်လိမ့်မယ်လို့ သူက ဆိုပါတယ်။
မုန်တိုင်းဒဏ် အကြီးအကျယ် ခံရတဲ့ မြေပုံမြို့ကိုတော့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ (UNICEF) ကနေ ဆေးဝါးနဲ့ ကျန်းမာရေးဆိုင်ရာ ကုသမှု အထောက်အကူ ပစ္စည်းတွေကို အဓိကထား ပံ့ပိုးပေးနေပါတယ်။
အလားတူပဲ ဂျပန်အစိုးရကလည်း ဂီရိ ဆိုင်ကလုံး ဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီ အမေရိကန်ဒေါ်လာ ငါးသိန်းလှူဒါန်းဖို့ ရှိတယ်လို့ ရန်ကုန်မှာရှိတဲ့ ဂျပန်သံရုံးကနေ တနေ့က သတင်းထုတ်ပြန်ပါတယ်။