နိုင်ငံရေးအကျဉ်းသားဟောင်းနှစ်ယောက် အောက်ဆီဂျင် မရလို့ အသက်ဆုံးရှုံး
ကိုဗစ်ကပ်ရောဂါကြောင့် အသက်ကယ်အောက်ဆီဂျင်မရဘဲ သေဆုံးသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးစိုးမြင့်နဲ့ ဦးမိုးကျော်တို့ နှစ်ဦးလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ပါဝင်သွားပါတယ်။ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ဦးစိုးမြင့်ဟာ မဆလ အာဏာရှင်ခေတ်မှာ တိမွေးကုတက္ကသိုလ် ကျောင်းသားဖြစ်ပြီး ၇၄-၇၅ ကျောင်းသားလှုပ်ရှားမှာ ပါလို့ ထောင်ကျခဲ့ပြီး နောက်ပိုင်းမှာ စစ်အာဏာရှင်တော်လှန်ရေးအတွက် ဗမာပြည်ကွန်မြူနစ်ပါတီကို ရောက်သွားခဲ့ပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံနောက်ပိုင်း စစ်အစိုးရခေတ်မှာ စစ်အစိုးရဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုကြောင့် ၂၉ နှစ် အကျဉ်းကျခဲ့ပါတယ်။ သူဟာ မကွယ်လွန်ခင်က ဂျာနယ်တွေ၊ စာစောင်တွေမှာ လူသာလင်း ကလောင်နာမည်နဲ့ ဘာသာပြန်ဆောင်းပါးတွေ အဆက်မပြတ် ရေးသားခဲ့ပါတယ်။ ဦးစိုးမြင့်ဟာ ဇူလိုင်လ ၂၇ ရက် မနက် ၆ နာရီ မိနစ် ၄၀ မှာ အောက်ဆီဂျင်မရလို့ ဆုံးပါးသွားပြီး၊ ကွယ်လွန်ချိန်မှာ အသက် ၆၉ နှစ် ရှိပြီဖြစ်ပါတယ်။
ဦးမိုးကျော် ကတော့ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ကဖြစ်ပြီး ၈ လေးလုံးအရေးတော်ပုံမှာ ကျောင်းသား တယောက် အနေနဲ့ ပါဝင်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်ခဲ့ပြီး မြေအောက်လှုပ်ရှားမှုကြောင့် ထောင်ချခံခဲ့ရသူဖြစ်ပါတယ်။
အကျဉ်းကျရာက လွတ်မြောက်လာပြီးနောက် ဒီမိုကရေစီရေးအတွက် လျှို့ဝှက်ပြီး ဆက်လက်လှုပ်ရှားခဲ့ပါတယ်။ အခု ကိုရိုနာကပ်ရောဂါ ကျရောက်ချိန်မှာတော့ သူလည်း ကူးစက်ခံရပြီး ဇူလိုင်လ ၂၇ ရက် မနက် ၃ နာရီကျော်မှ အောက်ဆီဂျင် မရတော့တဲ့အတွက် အသက်ဆုံးရှုံးသွားရပါတယ်။ ဦးမိုးကျော် ကွယ်လွန်ချိန်မှာ အသက် ၅၇ နှစ် ရှိပြီ ဖြစ်ပါတယ်။