ကိုဗစ်တိုက်ဖျက်ရေး နိုင်ငံတကာဝင်ရောက်ဖြေရှင်းဖို့ ပြည်ပရောက် မြန်မာဆေးပညာရှင်တွေ တောင်းဆို

2021.07.20

မြန်မာပြည်မှာ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို အာဏာသိမ်းစစ်ကောင်စီအနေနဲ့ နိုင်နိုင်နင်းနင်း ဖြေရှင်းနိုင်စွမ်း ရှိမှာမဟုတ်တဲ့အတွက် WHO အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ချက်ခြင်း ဝင်ရောက်ဖြေရှင်းပေးဖို့ MEDAID International Foundation ခေါ်နိုင်ငံခြားရောက် မြန်မာ ဆေးပညာရှင်အဖွဲ့ ၂၇ ဖွဲ့က စုပေါင်းတောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာရောက် မြန်မာဆေးပညာရှင်အဖွဲ့ ၂၇ ဖွဲ့ရဲ့ ဇူလိုင် ၁၉ ရက်နေ့ ထုတ်ပြန်တောင်းဆိုချက်မှာ အခု ဖြစ်ပွားနေတဲ့ Delta ခေါ် ကူးစက်မြန်ဗီဇပြောင်း ကိုဗစ်ပိုင်းရပ်စ် ပိုးသစ်ကို ထိန်းချုပ်ဖို့အတွက် လက်ရှိစစ်ကောင်စီမှာ မဟာဗျူဟာတွေ၊ အောက်စီဂျင်လို မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ မရှိတဲ့အပြင် စီမံခန့်ခွဲမှုလည်း အလွန်ညံ့ဖျင်းတဲ့အတွက် ကိုဗစ်တတိယလှိုင်းမှာ မြန်မာပြည်သူ ရာပေါင်းများစွာ နေ့စဉ်သေဆုံးနေရပြီဖြစ်ကြာင်း၊ အဲဒီအရေအတွက်ဟာ တမဟုတ်ခြင်း အဆများစွာ တိုးပွားလာနိုင်ကြောင်း၊ မြန်မာပြည်ရဲ့ ကျန်းမာရေးစနစ်ဟာ အာဏာသိမ်းပြီးနောက်မှာ လုံးဝပြိုလဲပျက်စီးသွားပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tom Andrews ကလည်း မြန်မာပြည်သူတွေဟာ စစ်ကောင်စီနဲ့ ပတ်သက်ရင် ယုံကြည်မှုမရှိကြောင်း ထုတ်ဖေါ်ပြောဆိုကာ နိုင်ငံတကာအနေနဲ့ ဒီကပ်ရောဂါဆိုက်မှုကို ဝင်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုထားကြောင်း၊ လက်ရှိမှာ စစ်ကောင်စီဟာ မြန်မာလူထုရဲ့ ရှင်သန်မှုအကျိုးစီးပွားကို လုံးဝဥပက္ခာပြုပြီး လက်ရှိဆေးဝါးပစ္စည်းတွေကိုလည်း စစ်ခေါင်းဆောင်တွေရဲ့ မိသားစုတွေ၊ သူတို့ မိတ်ဆွေတွေအတွက်ပဲ စုဆောင်းသိမ်းဆီးသုံးစွဲနေကြောင်း၊ စစ်ခေါင်းဆောင်တွေ အနေနဲ့ လက်ရှိပြဿနာကို နိုင်ငံတကာ လမ်းညွှန်ထောက်ခံချက်တွေနဲ့အညီ ဖြေရှင်းနိုင်စွမ်း သို့ ဖြေရှင်းလိုစိတ်လည်း မရှိကြောင်း စတဲ့ အချက်တွေကို ဖော်ပြထားပါတယ်။

covidd-19.jpg
၂ဝ၂၁ ဇူလိုင်လ ၆ ရက်နေ့က ချင်းပြည်နယ် ဖလမ်းမြို့မှာ ကိုဗစ်-၁၉ ကူးစက်သေဆုံးသွားတဲ့ လူနာတစ်ဦးကို သဂြိုဟ်ရန် ပြင်ဆင်နေစဉ်။(Photo: Chin World)

အခုကြေညာချက် ထုတ်ပြန်မှုမှာ ပါဝင်တဲ့ Free Myanmar အဖွဲ့ရဲ့ ခေါင်းဆောင်တဦးကတော့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ရှိ ဒေါက်တာ ကျော်လွင်အောင် ပါ။

“စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးစနစ်ကြီးက ပြိုလဲသွားပြီ၊ အထူးသဖြင့် ဆရာဝန်တွေ manpower တွေ မရှိဘူး။ ကျန်းမာရေးဆိုးဝါးနေတဲ့ သူတွေကို ပြုစုစောင့်ရှောက်နိုင်ဖို့အတွက် အောက်စီဂျင်ဆေးဝါး လောလောဆယ် မရှိဘူး။ ဒီလောက်ဆိုးဝါးနေတဲ့ crisis ကြီး ကို ဖြေရှင်းဖို့ Strategy တခုမှ မတွေ့ဘူး။ နောက်တခုက ပြည်သူလူထုကို စည်းစနစ်တကျ ကျန်းမာရေးပညာပေးလုပ်တာတွေ ဘာတခုမှ မတွေ့ဘူး။ အဲဒီအခြေအနေတွေကြောင့်မို့ ဒီအချိန်မှာ ကိုဗစ်ပြဿနာကို ဘယ်လိုမှ ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီလို ဖြေရှင်းနိုင်ဖို့က တကယ့်ကို စည်းစနစ်တကျ ဆွဲထားတဲ့ strategy နည်းလမ်းတွေ လိုတာပေါ့။ တကယ်ကို ဆိုးဝါးနေတဲ့ ရောဂါပြင်းထန်တဲ့ လူနာတွေကို ဆေးရုံမှာ life saving measures တွေ ပေးနိုင်ရမယ်။ အောက်စီဂျင်ပေးနိုင်ရမယ်။ ICU ထားနိုင်ရမယ်။ ဒါပထမအနေနဲ့ Covid-19 ကူးစက်တာကို ရပ်အောင်လုပ်တာပေါ့၊ နောက်ဆုံးအနေနဲ့ Aggressive Vaccination လိုတယ် တိုင်းသူပြည်သားအကုန်လုံးကို ဆေးထိုးပေးရမယ်။ အဲဒါမှပဲ herd immunity တက်လာပြီးတော့ ဒီပြဿနာတွေ အကုန်လုံးကို ဖြေရှင်းနိုင်မယ်။ အဲဒါတွေ အကုန်လုံးလုပ်ဖို့က အသင်းအဖွဲ့ သေးသေးလေးတွေနဲ့ မဖြစ်နိုင်ဘူး တကယ့်ကို နိုင်ငံတကာ ပါဝင်ဆောင်ရွက်ဖို့ လိုပါတယ်။”

000_9EZ74R.jpg
ဇူလိုင်လ ၁၄ ရက်နေ့က မန္တလေးမြို့မှာ ကိုဗစ်-၁၉ ကူးစက်သေဆုံးသွားတဲ့ လူနာတစ်ဦးကို သဂြိုဟ်ရန် ပြင်ဆင်နေစဉ်။(Photo: AFP)

ဆေးပညာရှင်တွေရဲ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီရဲ့ လက်ရှိပျက်ကွက်မှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်တယ်။ သူတို့အာဏာမသိမ်းခင်မှာ ကိုဗစ် ကာကွယ်တိုက်ဖျက်ရေးအတွက် IMF နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့က ပေးအပ်ထောက်ပံ့ခဲ့တဲ့ ကန်ဒေါ်လာ သန်း ၃၅ဝ ကို ဘယ်လို သုံးစွဲခဲ့သလဲဆိုတာကိုလည်း ဖြေရှင်းဖို့ လိုပါတယ်။ လက်ရှိမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း တိုင်းပြည်ရဲ့အဓိက မြို့ပြနေရာဒေသတွေကို အုပ်ချုပ်စီမံနိုင်ခြင်းမရှိတဲ့ အခြေအနေမျိုးမှာ မြန်မာပြည်ရဲ့ အခြေအနေဟာ ပြည်တွင်းရေး ပြဿနာတခုထက် ကျော်လွန်ပြီး ဒေသတခုလုံးရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်နေပြီဖြစ်ပါတယ်။ စသဖြင့် ဖော်ပြထားပြီး အခုလို အခြေအနေတွေကြောင့် မြန်မာပြည်က လူထုကို ကယ်ဆယ်ရေးအတွက် ကုလသမဂ္ဂကိုယ်စားလှယ်တွေ၊ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့လို အဖွဲ့အစည်းတွေ၊ အာဆီယံနဲ့အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ချက်ခြင်းဝင်ရောက်ဖြေရှင်းပေးပါလို့ တောင်းဆိုထားပါတယ်။

33.jpg
ဇူလိုင်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ကိုဗစ်-၁၉ ကူးစက်သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို မီးသဂြိုဟ်ရန် စောင့်ဆိုင်းနေကြစဉ်။(Photo: Citizen Journalist)

လက်ရှိအခြေအနေမှာ အမြန်ဆုံး လုပ်ဆောင်ရမယ့် အချက်တွေက ဘာတွေလဲ။ ဒီကြေညာချက်ထုတ်ပြန်ရာမှာ ပါဝင်တဲ့ ဟောင်ကောင်မြို့ရှိ ဒေါက်တာ ဖြူဖြူသင်းဇော်ဟာ International Society of Myanmar Scholars and Professionals နိုင်ငံတကာ မြန်မာကျွမ်းကျင်ပညာရှင်များအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။

“ပြောရရင် အခု ထိန်းချုပ်တဲ့အဆင့်က အရမ်းနောက်ကျတယ်။ ကူးစက်မှုက အရမ်းမြန်နေတဲ့အခါ ပုံမှန်တိုင်းဆိုရင် ဒီအချိန်ကို မရောက်ခင်ထဲက ကူးစက်မှုတွေ စစ်မယ်။ ဘယ်သူတွေကို ကူးတယ်ဆိုတာ လိုက်မယ်။ ပြီးရင် isolation quarantine သီးခြားခွဲပြီး နေထိုင်စေမယ်။ ပြီးရင် severe ဖြစ်တဲ့ အရမ်းဆိုးတဲ့ case တွေကို ဆေးရုံပို့မယ်။ ဒါတွေအားလုံးကို ဒီအခြေအနေမှာ ကျန်းမာရေးစနစ်ကြီး ပြိုလဲသွားတဲ့အချိန်မှာ စဉ်းစားလို့မရဘဲနဲ့ ပြည်သူတွေထဲမှာ ပိုးက လွတ်လွတ်လပ်လပ်ကြီး ပြန့်သွားတဲ့ သဘောရှိတယ်။ ဒီလို လွတ်လွတ်လပ်လပ်ပြန့်သွားတဲ့အခြေအနေမှာ ကျမအနေနဲ့ အတတ်နိုင်ဆုံး မြင်မိတာက နှစ်ခုရှိတယ်။ ၁ - အောက်ဆီဂျင် တန်းစီတဲ့နေရာနဲ့ ၂- သေဆုံးသွားသူတွေကို သင်္ဂြိုလ်တဲ့နေရာ ပေါ့နော်။ primary contact လို့ခေါ်တဲ့ တိုက်ရိုက်ရောဂါ ဖြစ်သူနဲ့ တိုက်ရိုက်ထိတွေ့တဲ့ မိသားစုကိုယ်တိုင်က အောက်ဆီဂျင် တန်းစီရတယ်၊ အစားအသောက်ထွက်ဝယ်ရတယ်၊ အသုဘမှာ သူကိုယ်တိုင် ဆောင်ရွက်နေတာတွေကို ချက်ချင်း ရပ်တန့်ရမယ်။ အောက်ဆီဂျင်လိုသူတွေကို အနည်းဆုံး အောက်ဆီဂျင်တန်းစီ တဲ့ နေရာမှာ ၆ ပေ ခြားတာမျိုး၊ ဒါမှမဟုတ် PPE က နိုင်ငံတကာက ရနိုင်မယ်ဆိုရင် ချက်ခြင်း အောက်ဆီဂျင်နေရာမှာ ဝေပေးထားတာမျိုး၊ ခက်တော့ခက်တာပေါ့နော် ဒါပေမဲ့ အနည်းဆုံးတော့ဒါတွေ ချက်ခြင်းလုပ်ရမယ်။ ပြီးရင် ရှိသမျှ အစဉ်အလာအရ လုပ်တဲ့ အသုဘ သင်္ဂြိုလ်တဲ့နေရာတွေမှာ PPE တွေ body bag အလောင်းထည့်တဲ့အိတ်တွေ ချက်ချင်းကို နိုင်ငံတကာက ယူသင့်ပါတယ်။ နောက်တဆင့်အနေနဲ့ ပြည်သူတွေအားလုံး အတတ်နိုင်ဆုံး အပြင်မထွက်ဘဲနဲ့ အိမ်မှာပဲ နေကြဖို့ လိုပါတယ်။”

000_9EY8HZ.jpg
၂ဝ၂၁ ဇူလိုင်လ ၁၄ ရက်နေ့က ရန်ကုန်မြို့က အောက်ဆီဂျင်စက်ရုံတစ်ခုရှေ့မှာ အောက်ဆီဂျင်အိုးဖြည့်ဖို့ တန်းစီစောင့်ဆိုင်းနေကြသူများ။(Photo: AFP)

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း လော့စ်အိန်ဂျယ်လစ်မြို့ရှိ မြန်မာနိုင်ငံဆေးပညာရှင်များအဖွဲ့ (BAMA) ဥက္ကဋ္ဌ ဒေါက်တာ ဝေဝေစိုး ကတော့ သူတို့အဖွဲ့အနေနဲ့ မြန်မာပြည်ကို ကူညီထောက်ပံ့ရေးပစ္စည်းတွေ အမြန်ဆုံးပို့နိုင်ဖို့ စီစဉ်နေပြီလို့ RFA ကို ပြောပါတယ်။

“ကျမတို့ ဒီကိုဗစ် crisis အတွက် လိုအပ်တဲ့ပစ္စည်းတွေပေါ့နော်၊ အောက်စီဂျင်၊ ဆေးဝါး၊ PPE ဝတ်စုံ၊ ဒါမျိုးတွေ အကူအညီပေးနိုင်ဖို့ ကျမတို့ အလှူငွေတွေကောက်နေပါတယ်။ ရရှိနေပါပြီ။ ကျမတို့က ဆေးရုံတွေ ကုသစင်တာတွေကို တိုက်ရိုက်ချိတ်ဆက်လှူဒါန်းမှာပါ။ ဘယ်အဖွဲ့အစည်းကိုမှ ကျမတို့ ဆက်သွယ်ဖို့ အစီအစဉ် မရှိပါဘူး”

တဆက်တည်းမှာပဲ လက်ရှိ ကိုဗစ်ရောဂါ ကူးစက် ဖြစ်ပွားနေသူတွေကို ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဘေးကင်းစွာ ကုသပေးနိုင်ဖို့အတွက် Safe Healthcare Zones လုံခြုံစိတ်ချရတဲ့ ကျန်းမာရေးဇုန်ဒေသတွေကို မြန်မာနိုင်ငံအတွင်း ထူထောင်ပေးဖို့လည်း လိုအပ်ကြောင်းနဲ့ အဲဒီလို ယုံကြည်ဖွယ် လက်တွေ့ကျတဲ့ လုပ်ငန်းတွေကို လူသန်းပေါင်းများစွာ အသက်မဆုံးရှုံးခင် ဖြစ်နိုင်သမျှ အမြန်ဆုံးလုပ်ဆောင်ဖို့ လိုအပ်ကြောင်း စသဖြင့် မြန်မာဆေးပညာရှင်အဖွဲ့အစည်း ၂၇ ခုရဲ့ စုပေါင်းထားတဲ့ MEDAID International Foundation ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာရောက် မြန်မာဆေးပညာရှင်အဖွဲ့အစည်းများစွာက အခုလို အရေးပေါ်စုပေါင်းကြေညာချက် ထုတ်ပြန်တာဟာ မြန်မာ့သမိုင်းမှာ ပထမဆုံးဖြစ်ပါတယ်။ ဒီကြေညာချက်ကို ကုလနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပေးပို့ထားတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။