ဒေါ်အောင်ဆန်းစုကြည်ကို ပထမနှစ်မှု အမိန့်ချမည့်ရုံးချိန်း ဒီဇင်ဘာ ၆ ရက်ကို ရွှေ့ဆိုင်း

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲထားတဲ့ အမှုပေါင်း ၁၁ မှုထဲက အမှုနှစ်ခုကို ပထမဆုံးအနေနဲ့ ဒီနေ့ အပြီးသတ်အမိန့်ချဖို့ ချိန်းဆိုထားပေမဲ့ ဒီဇင်ဘာ ၆ ရက်နေ့ကို ရွှေ့ဆိုင်း လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို အတည်ပြုပြောဆိုပါတယ်။
အများပြည်သူအကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ - ၂၅ နဲ့ စွဲဆိုထားတဲ့ အမှုနှစ်ခုကို ဒီနေ့အမိန့်ချမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ အတွက် ပြည်တွင်းပြည်ပအကုန်လုံးက စိတ်ဝင်တစား စောင့်ကြည့်နေခဲ့တာပါ။
ပုဒ်မ - ၅၀၅ (ခ) အမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတ ဦးဝင်းမြင့်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို ပူးတွဲစွဲဆိုထားပါတယ်။ ပုဒ်မ - ၂၅ အမှုအတွက်ကိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို တစ်ယောက်ချင်းစီ သီးခြားစွဲဆိုထားတာပါ။
ဒေါ်အောင်ဆန်းစုရဲ့ အကျိုးဆောင်ရှေ့နေ ငါးဦးစလုံးကို ပြီးခဲ့တဲ့အောက်တိုဘာလကတည်းက မီဒီယာတွေကို မပြောဖို့ စစ်ကောင်စီက ပိတ်ပင်ထားတာကြောင့် ဒီနေ့ အမိန့်မချဘဲ ဘာကြောင့် ရွှေ့ဆိုင်းလိုက်တယ်ဆိုတာ မသိရသေးပါဘူး။
စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီကိစ္စဟာ တရားစီရင်ရေးကဏ္ဍနဲ့ပဲ သက်ဆိုင်တယ်လို့ RFA ကို ပြောပါတယ်။
“ဒီနေ့ အမိန့်မချဖြစ်ဘူးဆိုတာ မှန်ပါတယ်။ ဒါတော့ တရားစီရင်ရေးရဲ့ ကဏ္ဍပဲဖြစ်တယ်။ တရားစီရင် ရေးရဲ့ ကဏ္ဍပဲဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့လည်း ဒါဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိဘူး။ ဒီလောက်ပဲ ကျနော်ပြောချင်ပါတယ်”
အများပြည်သူအကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ -၅၀၅ (ခ) နဲ့ စွဲဆိုထားတဲ့အမှုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) က ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၁၃ ရက်နေ့တွေက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နှစ်စောင်ဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်တယ် ဆိုပြီး အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲထားတဲ့အမှုဖြစ်ပါတယ်။
အဲဒီကြေညာချက်တွေထဲမှာ နိုင်ငံတော်ရဲ့ ဥပဒေပြုအာဏာဟာ ပြည်သူက ရွေးကောက်တင်မြှောက်ထား သူတွေ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH မှာသာတည်ရှိပြီး စစ်ကောင်စီ မှာ မရှိကြောင်း ဖော်ပြထားပါတယ်။
အဲဒီအပြင် သမ္မတ ဦးဝင်းမြင့်အစိုးရကသာ တရားဝင်အစိုးရဖြစ်ပြီး၊ စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေ ဥပဒေ အပါအဝင် ဥပဒေအမျိုးမျိုး ချိုးဖောက်ပြီး နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်ခဲ့ခြင်းသာဖြစ်တယ် လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒပုဒ်မ - ၂၅ နဲ့ စွဲဆိုထားတဲ့အမှုကတော့ ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလက NLD ပါတီရဲ့ မဲဆွယ်ကားတန်းလှည့်လည်တာကို သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်း စုကြည်က နေအိမ်ရှေ့မှာ ထွက်ပြီးလက်ပြနှုတ်ဆက်တဲ့လုပ်ရပ်အတွက် ကိုဗစ်ကပ်ရောဂါကာလ သတ်မှတ် ထားတဲ့စည်းကမ်းတွေနဲ့ မညီဘူးဆိုပြီး စွဲထားတဲ့အမှုဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုလိုနှုတ်ဆက်တာဟာ ကိုဗစ်စည်းကမ်းတွေနဲ့အညီ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဥပဒေကိုချိုးဖောက်ခဲ့ခြင်းမရှိဘူးလို့ နိုဝင်ဘာလ ၁ ရက်နေ့က တရားရုံးချိန်းမှာ ထုချေထားပါတယ်။
ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (ခ) အတွက် ပြစ်ဒဏ်ကို အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်သတ်မှတ်ထားပြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ - ၂၅ ကိုတော့ အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်အထိ ပြဌာန်းထားပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်ကတော့ တရားသူကြီးအနေနဲ့ အမှုနဲ့ ပတ်သက်လို့ ပြည့်စုံလုံလောက် တဲ့ အပြီးသတ်စီရင်ချက်ကို ရေးသားနိုင်ခြင်း မရှိသေးတဲ့အတွက် ဒီနေ့အမိန့်ချမယ့် ရုံးချိန်းကို ရွှေ့ဆိုင်းတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။
“တရားရုံးအပိုင်းကတော့ အမိန့်ချရန် ချိန်းဆိုထားသော်လည်းပဲ တစ်ခါတရံကျတော့ တရားသူကြီးတွေ အနေနဲ့ အမှုအပေါ်မှာ ပြည့်စုံလုံလောက်တဲ့ စီရင်ချက်ရေးသားနိုင်ခြင်း မရှိသေးဘူး။ ဆင်ခြင်သုံးသပ်ဖို့ အချိန်လိုအပ်သေးတယ်ဟေ့ဆိုရင်တော့ ဒီလိုပဲ ရွှေ့ဆိုင်းတတ်ကြတာပါပဲ။ လတ်တလောမှာက ကမ္ကာကရော မြန်မာကရော အာရုံစူးစိုက်ပြီးတော့မှ အင်မတန် စိတ်ဝင်စားကြတဲ့အမှုမျိုးဖြစ်တော့ တရားသူကြီးတွေအနေနဲ့လည်း စီရင်ချက်ကိုချမှတ်ဖို့ လုံလောက်တဲ့ အချိန်တစ်ခု လိုအပ်မှာပေါ့။ ဒါကတော့ တရားရုံးတွေမှာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ”
"တရားရုံးအမှုတွေက အဆင့်သင့်မဖြစ်ရင်လည်း ချိန်းတာပဲ"
နိုင်ငံလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ အမိန့်ချမည့်ရုံးချိန်းကို ရွှေ့ဆိုင်းလိုက်တာဟာ သူ့ကိုစွဲဆိုထားတဲ့ အခြားအမှုတွေနဲ့အတူ နှစ်ရှည်ထောင်ဒဏ်တွေချဖို့ စစ်ကောင်စီဘက်က ရည်ရွယ်ထားပုံရတယ်လို့ သုံးသပ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီခေါင်းဆောင်တွေကို အနှစ်တစ်ရာပတ်ဝန်းကျင်ပေါ့ဗျာ။ ဒါမှမဟုတ်ရင် ထောင်ထဲမှာတင်သေမယ့် အနေအထားမျိုးရောက်အောင် သူတို့က ချပြချင်တယ်နဲ့တူပါတယ်။ ဒါကြောင့်မို့ လောလောဆယ် မချသေးဘဲနဲ့ ရွှေ့တာပေါ့။ အဲတော့ သုံးနှစ်လောက် ထောင်ဒဏ်ဆိုရင်တော့ သူတို့လိုဘနဲ့ စာလို့ရှိရင် တို့ကနန်း ဆိတ်ကနန်းလောက်ပဲရှိမှာပေါ့။ အဲတော့ ဒီလောက်နဲ့တော့ မချသေးဘူး ဆယ် ဂဏန်းလောက်ရှိမှပဲ စုပြီးချမယ်လို့ထင်ပါတယ်။ အဲတာကြောင့် ရွှေ့တာလို့ ထင်ပါတယ်။ တစ်နှစ်ပဲချချ သုံးနှစ်ပဲချချ ဝိုင်းပြီးတော့ ဝေဖန်တိုက်ခိုက်ကြမယ့်သူတွေက အခုခတ်ကွင်း ပြင်နေတဲ့အနေအထား ရှိတာကိုး”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့် ကတော့ ဒီအမှုနဲ့ပတ်သက်လို့ ဘယ်သူတွေက ဘာတွေပြောကြမလဲ ဆိုတဲ့အသံတွေကို စစ်ကောင်စီက နားထောင်ချင် လို့ ရုံးချိန်းရွှေ့ဆိုင်းလိုက်တာဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။
“တရားရုံးအမှုတွေက အဆင့်သင့်မဖြစ်ရင်လည်းချိန်းတာပဲ။ ဆိုချင်တာက ဒီလိုချိန်းလိုက်ရင် ဘယ်သူ တွေက ဘာပြောမလဲဆိုတဲ့အသံတွေကို စစ်ကောင်စီက ပြောချင်ပုံပေါ်ပါတယ်။ သူကြားချင်တဲ့စကား တို့ကမပြောနိုင်ဘူး”
ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ - ၂၅ နဲ့ နောက်ထပ်သီးသန့်စွဲဆိုထားတဲ့အမှုရှိပါတယ်။ အဲဒီအမှုမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေးကောင်းမွန်နေပြီဖြစ်လို့ နေပြည်တော်ထိ လူကိုယ်တိုင် လာရောက်ထွက်ဆိုဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဆန္ဒရှိတဲ့အကြောင်း ရှေ့နေတွေကနေတဆင့် ဒီနေ့ရုံးချိန်းမှာ တရားရုံးကို လျှောက်ထားခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီလျှောက်ထားချက်ကိုတော့ လာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့ ရုံးချိန်းမှာ တရားရုံးက ဆုံးဖြတ်မယ်လို့လည်း သိရပါတယ်။
အဲဒီအမှုကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ သြဂုတ်လက ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက်ကို သွားခဲ့စဉ်က လူစုလူဝေးဖြစ်ခဲ့တာဟာ ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေးအတွက် ထုတ်ပြန်ထားတဲ့ စည်းကမ်းနဲ့ မညီဘူးဆိုပြီး သီးသန့်စွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေပုဒ်မ - (၅၅) အပါအဝင် အမှုစုစုပေါင်း ၁၁ မှုနဲ့ တရားစွဲခံနေရတာဖြစ်ပါတယ်။