စစ်အာဏာရှင် ဖြုတ်ချနိုင်ရေး ဆန္ဒပြသူ အချင်းချင်း ကူညီပံ့ပိုးပေးနေ

စောဖိုးခွား (ဝါရှင်တန် ဒီစီ)
2021.02.23

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးတွေဟာ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ အပါအဝင်အလွှာစုံက ပြည်သူတွေအားလုံး ပြည်လုံးကျွတ် ဆန္ဒပြနေကြတာ ရက်သတ္တပတ် ၃ ပတ်ကျော်လာပါပြီ။ ဆန္ဒပြတာ ရက်ကြာလာတာနဲ့အမျှ လမ်းပေါ်ထွက် ဆန္ဒပြနေတဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ သွားလာ ကုန်ကျစရိတ် တွေ ရှိလာပါတယ်။ ဒီလိုအခက်အခဲတွေကို ဆန္ဒပြသူအချင်းချင်း ကူညီဖြေရှင်းပေးနေတာကိုလည်း တွေ့ရပါတယ်။ ဆန္ဒပြသူတွေကတော့ စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ အဆုံးတိုင် တိုက်ထုတ်သွားမယ်လို့ ပြောကြပါတယ်။

အာဏာသိမ်း စစ်ကောင်စီကို ကန့်ကွက်ကြောင်း တိုင်းနဲ့ ပြည်နယ်အသီးသီး အလွှာစုံက ပြည်သူတွေဟာ လမ်းမတွေပေါ်ထွက်လာပြီး တစ်ညီတစ်ညွတ်တည်း ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတာ ရက်သတ္တပတ် ၃ ပတ်ကျော်လာနေပါပြီ။ ဆန္ဒပြပွဲဟာ ဘယ်အချိန်ထိ ရေရှည်တိုက်ပွဲ ဝင်ရမယ်ဆိုတာကို မသိသေးပါဘူး။ ဆန္ဒပြသူတွေကတော့ စစ်အာဏာရှင် စနစ်ကို အပြီးတိုင် တိုက်ထုတ်သွားမယ်လို့ ကြွေးကြော်ထားကြပါတယ်။ နှစ်ဘက်အားပြိုင်နေတဲ့အချိန်မှာ စစ်အာဏာရှင်စနစ်ကို အဆုံးတိုင် တိုက်ထုတ်သွားမယ်ဆိုတဲ့ စိတ်ကိုပဲ အဓိကပြင်ဆင်ထားတယ်လို့ ကရင်ပြည်နယ် ဘားအံမြို့ ဆန္ဒပြပွဲမှာ ဆန္ဒပြနေတဲ့ ကျောင်းဆရာ တစ်ဦးက ဆိုပါတယ်။

"အခုအချိန်မှာ ကျွန်တော်တို့ အားတင်းနိုင်တာ ကျွန်တော်တို့ရဲ့ စိတ်ဆန္ဒပြင်းပြမှုပဲ။ ကျွန်တော်တို့ လူငယ်တွေ အများကြီးရှိတယ်။ ဒီအချိန်မှာ ကျွန်တော်တို့က ဘာမှလက်လျှော့မှာ မဟုတ်ဘူး။ နှစ်ဘက် အားပြိုင်နေရာမှာ ကျွန်တော်တို့က လုံးဝလက်မလျှော့ဘူး။ မရရအောင် တိုက်သွားမယ်။ ဘယ်လိုပြင်ဆင် ထားလဲဆိုတော့ ကျွန်တော်တို့ရဲ့ စိတ်ကိုပဲ အဓိကပြင်ဆင်ထားတယ်။ ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေ ကတော့ ပြည်သူတွေရဲ့အင်အားပေါ် မူတည်ပြီး လာနေမှာပဲ။ ဒါကိုယုံကြည်ထားတယ်။ ကြာလာပေမယ့် လက်လျှော့သွားမှာမဟုတ်ဘဲ ကျွန်တော်တို့ ဆက်သွားမယ်။ ရှေ့ကို ။ ဘယ်လောက်တောင့်ခံထားနိုင်မလဲ ဆိုတာကတော့ လူငယ်တွေရဲ့အင်အားကို လျှော့တွက်လို့မရဘူး။ ဒီခေတ်မှာ။ ကျွန်တော်တို့လူငယ်တွေက အသိဉာဏ်တွေလည်း ပွင့်လာပြီ။ ဒီမိုကရေစီရဲ့အရသာကိုလည်း သိနေပြီ။ နိုင်ငံတကာနဲ့ အချိတ်အဆက် တွေ အများကြီးရှိနေပြီ။ ကျွန်တော်တို့ကတော့ အဆုံးထိဆက်တိုက်သွားဖို့ရှိတယ်။"

အာဏာသိမ်းပြီး စစ်တပ်က ညစဉ် အင်တာနက်ဖြတ်တောက်တာ၊ CDM လှုပ်ရှားမှု လုပ်နေတဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးတာ၊ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းတာတွေ လုပ်နေပေမယ့် မြို့ကြီးတွေ အပါအဝင် နိုင်ငံအနှံ့ မှာ ဆက်ပြီးဆန္ဒပြနေကြပါတယ်။ ပြည်သူတွေအနေနဲ့ လမ်းပေါ်ထွက်ဆန္ဒပြနေတာအပြင် စစ်အစိုးရရဲ့ အမိန့်မှန်သမျှကို ဖီဆန်ခြင်းနဲ့ ပူးပေါင်းတိုက်ပွဲဝင်ပေးဖို့ လိုတယ်လို့ မွန်ပြည်နယ် ဆန္ဒပြပွဲမှာ ဆန္ဒပြနေသူ တစ်ဦးက ဆိုပါတယ်။

"အခုအချိန်မှာ ၂၂ ရက်ဖြစ်ပြီဆိုတော့ နောက်ရက်တွေမှာဆိုရင်လည်း ပြည်သူလူထုအနေနဲ့ ငြိမ်းချမ်းစွာ အာဏာဖီဆန်မှုမှာ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းလိုတယ်။ ဒါက တစ်ရက်၊ တစ်လနဲ့ တိုက်ရမယ့် တိုက်ပွဲ မဟုတ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ အားတွေကို အကုန်လုံး သုံးလိုက်လို့မရဘူး။ ပြည်သူလူထု အနေနဲ့လည်း လမ်းပေါ်ထွက်ပြီး ဆန္ဒပြတာအပြင် CDM ဆိုတဲ့ ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာ အာဏာ ဖီဆန်မှုကို ပါဝင်ပေးလို့ရပါတယ်။ ကျွန်တော်တို့အိမ်တွေကလည်း နေနေရင်းနဲ့ ငြိမ်းချမ်းစွာ အာဏာဖီဆန် လို့ရပါတယ်။ ကျွန်တော်တို့ရဲ့ အိမ်တိုင်းဟာ ကျွန်တော်တို့ရဲ့သပိတ်စခန်းပဲ ဖြစ်ပါတယ်။ လူစုမှပဲ ဆန္ဒပြလို့ရတာမဟုတ်ပါဘူး။ ကျွန်တော်တို့အလိုမရှိတဲ့ အစိုးရရဲ့ အမိန့်ဟူသမျှကို ဖီဆန်ခြင်းအားဖြင့် တိုက်ပွဲဝင်လို့ရပါတယ်။"

လက်ရှိ မြန်မာနိုင်ငံမှာ ပြည်သူတွေက စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ နေ့စဉ်ဆန္ဒပြနေတာကို သိစေဖို့ ရန်ကုန်မြို့က နိုင်ငံတကာက သံရုံးတွေရှေ့မှာလည်း ဆန္ဒပြနေကြပါတယ်။ ရန်ကုန်မှာ ဆန္ဒပြသူတွေ အများဆုံး စုရပ်ဖြစ်တဲ့ ဆူးလေ မြို့တော်ခန်းမရှေ့၊ လှည်းတန်းနဲ့ မြေနီကုန်းလို နေရာမျိုးတွေမှာ Generation Z လို့ခေါ်တဲ့ ဆယ်ကျော်သက်တွေနဲ့ အသက် ၂၀ ဝန်းကျင် လူငယ်အများစုက ဦးဆောင်နေတာ တွေ့ရပါတယ်။

ရက်ကြာလာတာနဲ့အမျှ ဆန္ဒပြသူတွေရဲ့ စားဝတ်နေရေး ခက်ခဲပေမယ့်လည်း နောက်ထပ် ၂ လ ၃ လ လောက် ထိတော့ တောင့်ခံထားမယ်လို့ ရန်ကုန်မြို့ မရမ်းကုန်းမှာနေထိုင်တဲ့ ကိုရန်နိုင်အောင်က ဆိုပါတယ်။

"ကျွန်တော်ဒါနဲ့ပတ်သက်ပြီးတော့ ကြားထားတာတော့ရှိတယ်။ ဒါပေမဲ့ အဲဒါက ပြဿနာမရှိဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ အကုန်လုံးက ဝိုင်းပြီးတော့ ကူညီပေးမယ်။ အဲဒီအတွက် စိုးရိမ်စရာ မရှိပါဘူး။ ရက်ကြာလာမယ်ဆိုရင် လောလောဆယ် လုပ်ငန်းတွေတော့ ရပ်နေတယ်။ ဝင်ငွေတော့ မရှိဘူး။ လောလောဆယ် ကျွန်တော်တို့ ကြိုစုထားတဲ့ငွေကြေးနဲ့ ဆက်ပြီးသွားဖို့ ဆုံးဖြတ်ထားတယ်။ မျှော်လင့်တာ ကတော့ နိုင်ငံတကာရဲ့ အကူအညီရမယ်လို့တော့ မျှော်လင့်တယ်။ ကျွန်တော်တို့ နောက်ထပ် ၂ လ၊ ၃ လလောက်ထိ တောင့်ခံနိုင်တယ်။"

ဆန္ဒပြပွဲတွေကို ထောက်ပံ့ပေးနေတဲ့ အလှူရှင် အဖွဲ့အသီးသီးလည်း ရှိပါတယ်။ အလှူရှင်တွေဟာ စားသောက်စရာတွေ၊ အချိုရည်တွေ၊ သောက်ရေတွေ ဝေပေးနေတဲ့ အပြင် ဆန္ဒပြနေသူတွေအတွက် စိတ်ခွန်အားတက်စေမယ့် စာလေးတွေနဲ့ ငွေသားအနည်းငယ် ထည့်ပေးပြီး ပံ့ပိုးမှုတွေလည်း လုပ်လာကြ ပါတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် ဘယ်လောက်ရက်ကြာကြာ ကြာလာတာနဲ့အမျှ ဆန္ဒပြနေကြတဲ့ လူငယ်တွေရဲ့နောက်ကနေ ပံ့ပိုးပေးသွားဖို့ အသင့်ရှိတယ်လို့ ဆန္ဒပြနေသူတွေကို အစားအသောက် လှူဒါန်းနေသူတစ်ဦးက ဆိုပါတယ်။

"အာဏာရှင်စနစ်ဆန့်ကျင်ရေးကို တိုက်ပွဲဝင်နေကြတဲ့ ကလေးတွေအတွက် အတတ်နိုင်ဆုံး ပံ့ပိုးပေးဖို့ စဉ်းစားထားတယ်။ ဘယ်လောက်ကြာကြာပေ့ါနော်။ ကြာလာတာနဲ့အမျှ ကျွန်တော်တို့ တတ်နိုင်သမျှ ကြိုးပမ်းအားထုတ်ပြီးတော့ ဆက်လက်တိုက်ပွဲဝင်မယ့် ကလေးတွေအတွက် အမြဲတမ်းဖြည့်ဆည်းသွားဖို့ ဆန္ဒရှိပါတယ်။"

ဆန္ဒသွားပြမယ့်သူတွေ အိမ်ပြန်ရခက်ခဲနေတဲ့သူတွေကိုလည်း ကားရှိသူ ပြည်သူအချို့က Free Ride စာတန်း တွေ ချိတ်ဆွဲပြီး အခမဲ့ လိုက်ပါပို့ဆောင်တာမျိုး တစ်ဘက်တစ်လမ်းက ကူညီပံ့ပိုးနေကြပါတယ်။ လူမစုရ အမိန့်တွေ ထုတ်ပြန်ထားပေမယ့် အာဏာသိမ်းအစိုးရ အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြမှုတွေ ပိုမို ကျယ်ပြန့် လာပြီး မြန်မာနိုင်ငံအနှံ့က မြို့အတော်များများမှာ ဆက်ရှိနေတာပါ။ စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်တဲ့ နည်းလမ်းသုံးပြီး ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ည ၈ နာရီ သံပုံးတီးတဲ့ လှုပ်ရှားမှုကို စစ်တပ်က အာဏာသိမ်း ပြီး ဒုတိယရက်မှာ ရန်ကုန်အပါအဝင် မြို့တော်တော်များများမှာ စတင်ခဲ့ပြီး ဒီနေ့အချိန်ထိ ညတိုင်း သံပုံးတီးသံ တွေ ညံနေဆဲပဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-02-23 20:04

The protesters should be provided food, drinks, some fund and transport as much as possible
We must be successful for democracy and human-right as soon as possible.
Thanks you and I very much appreciate for people unity and helping each other for against military coup.

Anonymous
2021-02-23 20:06

The protesters should be provided food, drinks, some fund and transport as much as possible
We must be successful for democracy and human-right as soon as possible.
Thanks you and I very much appreciate for people unity and helping each other for against military coup.