တရက်တည်း ပိုးတွေ့လူနာသစ် ၁၅၈ဝ ဦး တွေ့ရှိ

2021.06.30
တရက်တည်း ပိုးတွေ့လူနာသစ် ၁၅၈ဝ ဦး တွေ့ရှိ ချင်းပြည်နယ် ဖလမ်းမြို့မှာ ဇွန်လ ၁၉ ရက်နေ့က ကိုဗစ်-၁၉ ကူးစက်ခံရအပြီး သေဆုံးသွားသူတဦးကို သဂြိုဟ်ရန် သယ်ဆောင်လာစဉ်။
Photo: Chin World

ကိုဗစ်အတည်ပြုလူနာသစ်တွေ မြန်မာနိုင်ငံမှာ တနေ့တခြား သိသိသာသာ များလာနေပါတယ်။ မနေ့က ၂၄နာရီအတွင်းမှာပဲ ပိုးတွေ့လူနာ ၁၅၈ဝ စစ်ဆေးတွေ့ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။

ဒါဟာ ကိုဗစ်တတိယလှိုင်းကာလအတွင်း ပိုးတွေ့လူနာ အများဆုံး စံချိန်တင် တွေ့ရှိခဲ့တာပါပဲ။ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း မြန်မာနိုင်ငံမှာ ၁၅၇၂၇၇ ယောက် ရှိသွားပါပြီ။ ကိုဗစ်ကြောင့် သေဆုံးသူတွေလည်း တနေ့တခြား များလာ နေပါတယ်။ မနေ့က တရက်တည်းမှာပဲ သေဆုံးသူ ၁၄ယောက် ထပ်တိုးလာလို့ သေဆုံးသူ စုစုပေါင်း ၃၃၃၄ ယောက်ရှိသွားပါပြီ။

ကူးစက်မှု ပိုမြန်ပြီး အသက်သေစေနိုင်တဲ့အထိ ပြင်းထန်တဲ့ ကိုဗစ် ဗီဇပြောင်း ပိုး သစ်တွေ မြန်မာနိုင်ငံမှာ ရှိနေပြီလို့ ကျန်းမာရေးဌာနက ဇွန်လထဲမှာပဲ ကြေညာခဲ့ပြီး သေဆုံးသူနဲ့ ကူးစက်သူ အရေအတွက်ကလည်း ဇွန်လအတွင်း တနေ့တခြား သိသိသာသာ များလာခဲ့တာပါ။

ဇွန်လအတွင်းကူးစက်သူနဲ့သေဆုံးသူတွေက ကူးစက်မြန်ဗီဇပြောင်းပိုးသစ်တွေ ကြောင့်လား၊ ဘယ်ပိုးအမျိုးအစားကြောင့်လဲ ဆိုတာကိုတော့ ကျန်းမာရေးဌာနက မကြေညာပါဘူး။ မနေ့ကညနေပိုင်း ကျန်းမာရေးဌာနရဲ့နောက်ဆုံးထုတ်ပြန်ချက်အရ အတည်ပြုလူနာ သစ်တွေအများဆုံး တွေ့ရတာက ပဲခူးတိုင်းမှာ ၂၈၁ယောက်။ ရန်ကုန်တိုင်းမှာ ၁၈ဝ။ စစ်ကိုင်းတိုင်း မှာ ၁၅၁ယောက်၊ မန္တလေးတိုင်းမှာ ၁၃၇၊ ဧရာဝတီတိုင်းမှာလည်း ၁၃၇ယောက်၊ ရှမ်းပြည်နယ်မှာ ၁၃၅ယောက်၊ ချင်းပြည်နယ်မှာ ၁ဝ၄ယောက်တို့ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းတာကို မကျေနပ်လို့ ထောင်နဲ့ချီတဲ့ ကျန်းမာရေးလောကသားတွေ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေကြပြီး ပရဟိတကျန်းမာရေးကူညီတဲ့ အဖွဲ့အစည်းတွေဟာလည်း ဖမ်းဆီးခြိမ်းခြောက်တာတွေခံနေလို့ ကျန်းမာရေး စောင့်ရှောက်မှုတွေ သိသိသာသာ နည်းပါးနေပါတယ်။ ဒီအချိန်မှာပဲ ကိုဗစ်ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်လာနေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။