ဟားငါးကောင်အဖွဲ့က လူရွှင်တော် ဝိုင်းကျော် ကွယ်လွန်

RFA Burmese
2024.05.22
ဟားငါးကောင်အဖွဲ့က လူရွှင်တော် ဝိုင်းကျော် ကွယ်လွန် ဟားငါးကောင် အငြိမ့်အဖွဲ့ဝင် လူရွှင်တော် ဝိုင်းကျော်။
Facebook/ Wine Kyaw

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အငြိမ့်ကတာနဲ့ ဇတ်လမ်းတိုတွေ ရိုက်ကူးလေ့ရှိတဲ့ ဟားငါးကောင် အငြိမ့်အဖွဲ့က အသက် ၃၈ နှစ်အရွယ် လူရွှင်တော် ဝိုင်းကျော်ဟာ အသဲရောဂါကို ဆေးကုသမှုခံယူနေရင်း မေလ ၂၂ ရက် ဒီနေ့မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တယ်လို့ သူ့ရဲ့မိတ်ဆွေတွေက RFA ကို ပြောပါတယ်။

လူရွှင်တော် ဝိုင်းကျော်ဟာ ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း သေဆုံးခဲ့တာလို့ သူ့ရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။

“သူက တောထဲမှာ နေခဲ့တဲ့ဒဏ်တွေလည်း ပါမှာပေါ့။ ဒီဘက်မှာရောက်လာတော့ ပွဲကဖို့ငှားတဲ့အခါမှာ မကနိုင်တော့ဘူး။ ကျန်းမာရေးမကောင်းလို့။ မဲဆောက် ဆေးရုံမှာ တစ်လလောက် တက်လိုက်ရတယ်။ စိတ်မကောင်း ဖြစ်ရပါတယ်။ တကယ်တမ်းတော့ အာဏာရှင်ရဲ့ အာဏာသိမ်းမှုကြောင့် သူတို့အနုပညာနဲ့ တော်လှန်ရင်းနဲ့ တောထဲတွေ ရောက်ခဲ့ရတယ်။ အဲဒီကနေ အခုလိုကြုံရပြီး ဆုံးပါးသွားရတယ်”

သူကွယ်လွန်ချိန်မှာ ဇနီးနဲ့ သားနှစ်ဦးတို့ ကျန်ရစ်တယ်လို့ သူက ဆိုပါတယ်။

ဝိုင်းကျော်၊ တိုင်းကျော်၊ ပိုးလေး၊ တိုးကျော်နဲ့ ပြည်ကျော် ပါဝင်တဲ့ ဟားငါးကောင် အငြိမ့်အဖွဲ့ဟာ အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လိုက်လံဖမ်းဆီးမှုကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ တောတွင်းတစ်နေရာကို ထွက်ပြေးခိုလှုံလာကြသူတွေ ဖြစ်ပါတယ်။

အာဏာသိမ်းကာလအတွင်းမှာ တောတွင်းကနေ အာဏာသိမ်းမှုဆန့်ကျင်ရေး အငြိမ့်ပွဲတွေ ကပြတာနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လှောင်ပြောင်သရော်တဲ့ ဇတ်လမ်းတိုတွေလည်း ရိုက်ကူးခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။