အက်စ်အက်စ်အေ မြောက်ပိုင်းအဖွဲ့နှင့် မြန်မာအစိုးရစစ်တပ်များတိုက်ပွဲ ကျယ်ပြန့်
2011.04.05

ဒီအကြောင်းနဲ့ပတ်သက်လို့ ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးစိန်ကြည်ကလည်း အခုလို ပြောပါတယ်။
“အစကတော့ လေးငါးမြို့နယ်ပေါ့ ဥပမာ မိန်းမော၊ မိန်းရိုင်၊ တန့်ယန်း၊ မိုင်းရှူး၊ မိန်းနောင်ပေါ့၊ အခုဟာက ၁၀ မြို့နယ် ၁၁ မြို့နယ်အထိ ပြန့်သွားပြီလို့ ပြောနိုင်တယ် ဥပမာ လားရှိုးမြို့နယ် သီပေါမြို့နယ်ပါတယ် အခု နမ့်ဆန်မြို့နယ်လည်း ဖြစ်နေပြီ တပ်မဟာ ၃ လှုပ်ရှားတဲ့နယ်မြေတွေကို သူတို့တပ်တွေ ဖြန့်ကျက် လှုပ်ရှားနေတယ်။ အဲဒါကြောင့် နအဖ တပ်က အက်စ်အက်စ်အေ ထိမ်းချုပ်နယ်မြေထဲကို လာပြီးတော့ ကျူးကျော် တိုက်ခိုက်တယ်။ စစ်ဆင်ရေးလုပ်တယ်။ ၃ ရက်နေ့က မန္တလေးဖက်က ကျောက်မဲ၊ လားရှိုးအထိ အစီးပေါင်း ၇၀၊ ၈၀၊ နအဖ တပ်တွေ အသစ်တွေ ဗမာပြည်ကနေ ဖြည့်တင်းနေတယ်။”
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့အနီးမှာလည်း လွန်ခဲ့တဲ့ လကုန်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ တိုက်ပွဲတွေ အားလုံးမှာ ရှမ်းတပ်ဖွဲ့တွေက ပြောက်ကျားစနစ်နဲ့ ပြန်လည် တိုက်ခိုက်တာကြောင့် မြန်မာအစိုးရတပ်ဖက်က ထိခိုက်ကျဆုံးတာ ပိုများတယ်လို့ ဦးစိန်ကြည်က ဆက်ပြောပါတယ်။
“နမ့်ဆန်မြို့ရဲ့ အရှေ့တောင်ဖက်လောက်မှာ ကျမယ်။ အဲဒါ ၂၈ရက် ၂၉ ရက်နေ့တုံးက ဖြစ်တယ် နအဖဖက်က တော်တော် အသေအပျောက်များတယ်။ အရပ်သတင်းအရတော့ နအဖဖက်က အနည်းဆုံး ၁၀ ယောက်ကျော်ကျော် ကျတယ် ။ အက်စ်အက်စ်အေ ဖက်ကလည်း ၂ယောက် ၃ ယောက်ကျတယ်။ အဲဒါ တကယ့်ကို တိုက်ပွဲကြီးပဲ။ လေးငါးနာရီလောက် ကြာတယ်ပြောတယ်။ နအဖ ဖက်က အကျအဆုံး များတယ်ဆိုတာ မတ်လ ၁၃ ရက်နေ့ကနေ မနေ့က ဧပြီလ ၄ ရက်နေ့အထိ အားလုံးခြုံကြည့်လိုက်ရင် အနည်းဆုံး ၅၀ လောက်တော့ ကျဆုံး သေကျေနိုင်တယ်လို့ သုံးသပ်နိုင်တယ် နအဖ ဖက်ကပေါ့လေ။”
အခုအခါ အက်စ်အက်စ်အေ မြောက်ပိုင်း ဝမ်ဟိုင်းဌာနချုပ်ရဲ့ အနောက်ဖက်ကျေးသီးမြို့၊ တောင်ဖက် ရှိမိန်းနောင်မြို့၊ အရှေ့တောင်ဖက်ရှိ မိုင်းရှူးနဲ့ မြောက်ဖက်က မိန်းရိုင် လာရှိုးဖက်ကနေ ဌာနချုပ်ကို တိုက်ခိုက်ဖို့ မြန်မာစစ်အစိုးရတပ်တွေ အလုံးအရင်းနဲ့ အင်အား ဖြည့်တင်းနေတယ်လို့လည်း သိရပါတယ်။