မေလအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ရာကျော်သေဆုံး

RFA Burmese
2024.05.30
မေလအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ရာကျော်သေဆုံး မကွေးတိုင်း၊ ဆောမြို့နယ် တောမရွာ လေကြောင်းမှ တိုက်ခိုက်ခံရအပြီး မီးလောင်ပျက်စီးခဲ့သည့် နေအိမ်အချို့အား ၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - ယောအလင်းတန်း

၂ဝ၂၄ ခုနှစ် မေလ ၁ ရက်နေ့ကနေ ၃ဝ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သားတစ်ရာကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေလ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၃ဝ ဦးနဲ့ အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၅၂ ဦး သေဆုံးခဲ့ပြီး အဲဒီထဲမှာ မကွေးတိုင်းက သေဆုံးသူ ၂၂ ဦးနဲ့ အရပ်သားသေဆုံးမှု အများဆုံးဖြစ်တယ်လို့ ဖော်ပြပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အမျိုးသား ၂၃ ဦးနဲ့ အမျိုးသမီး ၂၉ ဦး စုစုပေါင်း ၅၂ ဦးသေဆုံးပြီး ရခိုင်ပြည်နယ်မှာ သေဆုံးသူ ၁၃ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအချက်အလက်တွေဟာ သေဆုံးသူတွေရဲ့ အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တာလို့ AAPP က ထုတ်ပြန်ထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ မေလ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း သုံးနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ၂၀၂၄ ခုနှစ်မှာ အများဆုံးဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေလည်း တိုးလာနေတယ်လို့ ဆိုပါတယ်။

၂ဝ၂၄ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ လေးလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၈၁၉ ကြိမ် ရှိပြီး တစ်ရက်ကို ပျမ်းမျှ ခြောက်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဉာဏ်လင်းသစ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။