စစ်ကောင်စီတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ်က အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

RFA Burmese
2024.04.29
စစ်ကောင်စီတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ်က အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် သုံးဆယ်ရွာ လက်နက်ကြီးနှင့် တိုက်ခိုက်ခံရအပြီး အပျက်အစီးမြင်ကွင်းတချို့အား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ၂ဝ၂၄ ခုနှစ် ဧပြီ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။
Photo: RFA

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်က သုံးဆယ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အမျိုးသမီး တစ်ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်နှစ်လုံးထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဧပြီ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ထိခိုက်ဒဏ်ရာရသူဟာ အသက် ၆၀ အရွယ် အမျိုးသမီးဖြစ်ပြီး မျက်နှာနဲ့လက်မှာ ထိမှန်ဒဏ်ရာရခဲ့တာလို့ TNLA က ပြောပါတယ်။

အုမ္မတီးနဲ့ တန်ဘိုရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က သုံးဆယ်ကျေးရွာကို လက်နက်ကြီးနဲ့ ဧပြီ ၂၇ ရက်နေ့က သုံးကြိမ်နဲ့ ဧပြီ ၂၈ ရက်နေ့က သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ထိခိုက်ခဲ့တာဖြစ်ပါတယ်။

နောင်ချိုမြို့နယ်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ လေယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေလုပ်နေတာဟာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်ကြောင်း TNLA က စွပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ မိုးမိတ်မြို့နယ် ရေပုံးရွာကို ဂျက်ဖိုက်တာ လေယာဥ်နဲ့ လေးကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

TNLA ထုတ်ပြန်ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။