ဖျာပုံမှာ စစ်မှုထမ်းဖို့တိမ်းရှောင်တဲ့ လူငယ်တစ်ဦး ဖမ်းဆီးနှိပ်စက်ခံရ

RFA Burmese
2024.05.30
ဖျာပုံမှာ စစ်မှုထမ်းဖို့တိမ်းရှောင်တဲ့ လူငယ်တစ်ဦး ဖမ်းဆီးနှိပ်စက်ခံရ ဖျာပုံမြို့ ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး အသိပညာပေးဆွေးနွေးပွဲခဲ့စဉ်။
Myanmar Military

ဧရာ၀တီတိုင်း ဖျာပုံမြို့နယ် လက်ပံရွာက စစ်မှုထမ်းဖို့ မဲပေါက်တဲ့ လူငယ်တစ်ဦး ထွက်ပြေးတိမ်းရှောင်နေရာကနေ မေလ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးရမိသွားပြီး ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ပံရွာမှာ စစ်မှုထမ်းဖို့ဆိုပြီး မေလ ၂၆ ရက်နေ့မှာ လူငယ်သုံးဦးကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်ကိုယ်တိုင် မဲနှိုက်ရွေးချယ်ပေးခဲ့တာပါ။

အဲဒီလူငယ်သုံးဦးထဲက အသက် ၂၄ နှစ်အရွယ် ကိုရန်နိုင်လင်းကတော့ ကိုယ်တိုင်မဲနှိုက်ခွင့်မရတာနဲ့ စစ်မှုမထမ်းလိုတာကြောင့် မေလ ၂၈ ရက်နေ့မှာ ထွက်ပြေးတိမ်းရှောင်ခဲ့လို့ ဆိုပါတယ်။

မေလ ၂၉ ရက်နေ့မနက်ပိုင်းမှာတော့ သူ့ကို စစ်ကောင်စီတပ်က ဖမ်းဆီးရမိခဲ့ပြီး သွားကျိုးသည်အထိ ရိုက်နှက်ခဲ့သလို လက်ရှိချိန်အထိ ပြန်လွှတ်မပေးသေးဘဲ ဖမ်းခေါ်ထားတယ်လို့ ဒီဖြစ်ရပ်ကို သိရှိတဲ့ ဖျာပုံဒေသခံတစ်ဦးက ပြောပါတယ်။

“၂၈ ရက်နေ့ညက ထွက်ပြေးတာ။ ၂၉ ရက်နေ့မှာ ဖမ်းမိသွားတယ်။ မိလည်းမိရော တစ်ခါတည်း ရဲစခန်းတွေဘာတွေ မအပ်တော့ဘူး။ တစ်ခါတည်း မြို့နယ်တရားရုံးကို ခေါ်သွားတာ။ မိဘတွေလည်း လိုက်တယ်။ ဒါပေမဲ့ အဆက်အသွယ် မရတော့ဘူး။ ဘယ်ခေါ်လို့ ခေါ်သွားမှန်းလည်း မသိဘူး”

ဖမ်ဆီးခံရတဲ့ ကိုရန်နိုင်လင်းမှာ ဇနီးသည်နဲ့ သားသမီးသုံးဦး ကျန်ရစ်ခဲ့တယ်လို့လည်း သူကဆိုပါတယ်။

အခုဖမ်းဆီးခံရမှုကို ဖျာပုံပြည်သူကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း အတည်ပြုပေးပြီး စစ်မှုထမ်းတိမ်းရှောင်တဲ့အတွက် ထောင်ချအရေးယူမယ်လို့ သတင်းတွေ ထွက်နေတာကြောင့် ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

အခုလို ဖမ်းဆီးမှုတွေအပြင် ဧရာ၀တီတိုင်းက မြို့နယ်တချို့မှာ မေလ တတိယပတ်ကစလို့ လူငယ်တွေ စစ်မှုထမ်းဖို့ပျက်ကွက်ရင် မိသားစုကို အရေးယူမယ်ဆိုပြီး ဖိအားပေးခြိမ်းခြောက်မှုတွေရှိနေသလို စစ်မှုထမ်းခေါ်ယူရေးကိစ္စတွေကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက အရင်ထက် ဖိဖိစီးစီးလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ စစ်မှုထမ်းဖို့ဆင့်ခေါ်တဲ့အခါ လာရောက်ဖို့ပျက်ကွက်သူတွေကို အရေးယူမယ်လို့ မေလ ၂၀ ရက် နေပြည်တော်မှာပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

အပတ်စဉ် (၃) အတွက် လျာထားချက်ပြည့်မီအောင် လုပ်ဆောင်မယ်လို့ အဲဒီအစည်းအဝေးမှာ ပြောဆိုပြီးနောက်ပိုင်း တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ စစ်မှုထမ်းဖို့အတွက် လူသစ်စုဆောင်းမှုတွေကို ဒေသအာဏာပိုင်တွေက နည်းမျိုးစုံနဲ့လုပ်လာတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရသူတွေနဲ့ မိသားစုဝင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။