ဟင်္သာတမြို့ ကျောင်းကွင်းနဲ့ ပိတောက်ကုန်းရွာက လူငယ်ငါးဦး ဖမ်းဆီးခံရ
2024.05.19
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်အတွင်းက စစ်မှုမထမ်းချင်တဲ့ ဒေသခံ လူငယ်ငါးဦးကို မေလ ၁၇ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ကျောင်းကွင်းရွာနဲ့ ပိတောက်ကုန်းရွာမှာ နေထိုင်ကြပြီး အသက်နှစ်ဆယ်ကျော်အရွယ်တွေဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကျောင်းကွင်းက နှစ်ဦး၊ ပိတောက်ကုန်းက သုံးဦးလို့ သိထားပါတယ်။ သူတို့ကို နေအိမ်ကိုဝင်ဖမ်းသွားတာ။ ပြောရရင်တော့ စစ်မှုမထမ်းချင်လို့ နေရာရွှေ့ဖို့ လုပ်နေရင်း ဒလန်ကသိပြီး စစ်တပ်ကိုသတင်းပေးတာလို့ သိထားပါတယ်"
ဖမ်းဆီးခံထားရသူတွေဟာ စစ်မှုထမ်းဖို့ဆင့်ခေါ်ခံထားရသူတွေ မဟုတ်သလို နိုင်ငံရေးလုပ်နေသူတွေလည်း မဟုတ်တာကြောင့် ပြန်လွှတ်စေချင်တယ်လို့ ဆိုပါတယ်။
အဲဒီလူငယ်ငါးဦးကို ဟင်္သာတမြို့ပေါ်က ခလရ (၁၈) တပ်ရင်းဆီ ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုတွေနဲ့လည်း ဆက်သွယ်ခွင့်မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဟင်္သာတမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဧပြီလကတည်းက စစ်မှုထမ်းအပတ်စဉ် (၂) အတွက် စစ်သားစုဆောင်းနေပြီး လူငယ်ရှစ်ဆယ်ထက်မနည်းလည်း ဖမ်းဆီးထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။