ဧရာဝတီတိုင်းမှာ ပြည်သူ့လုံခြုံရေးအဖွဲ့အတွက် စစ်သင်တန်းပေးနေ
2024.09.25

ဧရာဝတီတိုင်းက မြို့နယ်တချို့မှာ စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းဖို့အတွက် အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အကြား အမျိုးသားတွေကို စစ်သင်တန်းပေးတာနဲ့ စစ်ယူနီဖောင်းတွေ ဝတ်ခိုင်းပြီး မြို့တွင်းကင်းလှည့်တာတွေကို စတင်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက စက်တင်ဘာလ ၂၅ ရက် ဒီနေ့ ပြောပါတယ်။
မအူပင်မြို့မှာတော့ အမှတ် ၁၂ ရပ်ကွက်က အသက် ၃၅ နှစ်ကနေ ၆၅ နှစ်ကြား အမျိုးသား ငါးဆယ်ခန့်ကို စက်တင်ဘာလ တတိယပတ်ကစပြီး တိုးရွှေဝါခန်းမမှာ မအူပင်အခြေစိုက် ခလရ-၂၇ တပ်ရင်းက နှစ်ပတ်ကြာ စစ်သင်တန်းပေးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“မအူပင်မှာ ရပ်ကွက်က ၁၂ ရပ်ကွက် ရှိတာလေ။ ၁၂ ရပ်ကွက်ရှိတာကို ၁၂ ကနေစပြီးတော့ သင်တန်းပေးတာပေါ့။ ကျန်တဲ့ရပ်ကွက်တွေတော့ ဘယ်လောက်တက်မလဲ မသိဘူး။ အခုလက်ရှိ ၁၂ ကတော့ လူငါးဆယ် တက်တယ်။ ၃၅ ကနေ ၆၅ ဆိုပေမယ့် အသက်ကြီးပိုင်း ခေါ်တာပိုများမယ်”
လက်ရှိ စစ်သင်တန်းတက်ရောက်နေသူတွေထဲမှာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ နီးစပ်သူတွေ ပိုများတယ်လို့ သူက ပြောပါတယ်။
ဟင်္သာတမြို့မှာတော့ စက်တင်ဘာလ ၁၀ ရက်နေ့စပြီး စစ်တပ်ထောက်ခံသူ လေးဆယ်ခန့်ကို အာဏာပိုင်တွေက စစ်ယူနီဖောင်းတွေ ဝတ်ဆင်ပေးပြီး စစ်ကားနှစ်စီးနဲ့ မြို့တွင်းမှာ ကင်းလှည့်တာတွေ လုပ်နေတယ်လို့ ဟင်္သာတမြို့ခံတစ်ဦးက ပြောပါတယ်။
ကျုံပျော်မြို့နယ်မှာလည်း ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းဖို့အတွက် စက်တင်ဘာလဆန်းကစပြီး ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတစ်ခုကို အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အရွယ် အမျိုးသား ကိုးဆယ်အထိ စာရင်းပေးရတာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စာရင်းပေးထားတဲ့ထဲမှာ အသက်လေးဆယ်ကျော် အရွယ်တွေ အများစု ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ ဧရာဝတီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ဩဂုတ်လ နောက်ဆုံးပတ်ကလည်း ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူနဲ့ ရေကြည်စတဲ့ မြို့နယ်တွေမှာ အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အကြား အမျိုးသားတွေကို ပြည်သူ့လုံခြုံရေးအဖွဲ့အတွက် စာရင်းကောက်ယူထားပြီး ခရီးသွားလာခွင့် ကန့်သတ်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံတစ်ဝန်း မြို့သိမ်းတိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာပြီးနောက် စစ်ကောင်စီက ရပ်ကွက်နဲ့ ကျေးရွာတွေအထိ လက်နက်တပ်ဆင်ပေးမဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဩဂုတ်လ ၁၆ ရက်နေ့ကစပြီး ဖွဲ့စည်းမယ်လို့ ကြေညာထားတာပါ။
ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ လုပ်ငန်းစဉ်ထဲမှာ နေပြည်တော် အပါအဝင် ပြည်နယ်နဲ့ တိုင်းတွေအပြင် ခရိုင်၊ မြို့နယ် အဆင့်ဆင့်သာမက ရက်ကွက်၊ ကျေးရွာတွေမှာပါ လက်နက်တပ်ဆင်ပေးမယ်ဆိုတဲ့အထိ ပါဝင်ပါတယ်။