သာကေတမှာ ဝမ်းရောဂါကြောင့် သေဆုံးသူငါးဦး ရှိလာကြောင်း မြို့ခံတွေပြော
2024.07.06

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ ဇူလိုင်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့အတွင်း ဝမ်းရောဂါနဲ့ သေဆုံးသူငါးဦးအထိ ရှိနေပြီလို့ သာကေတမြို့ခံတွေက ပြောပါတယ်။
သေဆုံးခဲ့သူတွေဟာ အသက် ၂၀ အရွယ်ကနေ ၅၀ ကျော်အရွယ်တွေဖြစ်ပြီး အမည်နဲ့နေရပ် အတိအကျကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
လူသေဆုံးမှု ရှိလာတာကြောင့် ဇူလိုင် ၁၂ ရက်နေ့အထိ ရပ်ကွက်နေပြည်သူတွေကို အိမ်အပြင်မထွက်ကြဖို့ ပြောဆိုထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“သေဆုံးတဲ့အလောင်းတွေကို ကိုဗစ်တုန်းကလို ဆေးတွေဖြန်းပြီး သယ်ကြတာ။ ကျန်တဲ့ ရပ်ကွက်နေ ပြည်သူတွေကိုလည်း အိမ်အပြင်ထွက်ခွင့် ပိတ်ထားတယ်”
ဒါ့အပြင် အစားအသောက်ရောင်းတဲ့ လမ်းဘေးဆိုင်တွေကိုလည်း ဇူလိုင် ၁၃ ရက်နေ့အထိ ပိတ်ထားဖို့ အုပ်ချုပ်ရေးမှူးအဖွဲ့က ရပ်ကွက်တွေထဲမှာ လိုက်လံကြေညားထားတယ်လို့ ဆိုပါတယ်။
ဘာကြောင့် အခုလိုဝမ်းပျက်ဝမ်းလျှော ဖြစ်ကြတာလဲဆိုတာကိုတော့ သေချာမသိရသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
လက်ရှိလည်း သာကေတမြို့နယ်ထဲက နေအိမ်တွေအတွင်း သောက်သုံးရေတွေကို ကလိုရင်းခပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ လူမှုကူညီရေးအသင်းတွေက တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
သာကေတမြို့နယ်အပြင် ဒေါပုံနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တွေမှာလည်း ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။