မြန်မာနယ်စပ်က ဝမ်းရောဂါကူးစက်မှု ကာကွယ်တားဆီးရေး ထိုင်းအစိုးရ ပြင်ဆင်
2024.12.22

ထိုင်း-မြန်မာနယ်စပ်မှာ ဝမ်းရောဂါကြောင့် နှစ်ဦး သေဆုံးခဲ့အပြီး ကာလဝမ်းရောဂါပျံ့နှံ့ကူးစက်မှုကို ကာကွယ်တားဆီးနိုင်ဖို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြင်ဆင်နေကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ မနေ့က ဖော်ပြပါတယ်။
တာ့ခ်ခရိုင်မှာ အရေးပေါ် ကျန်းမာရေးဌာန (EOC) ကို ဖွင့်လှစ်လိုက်ပြီး နယ်စပ်အနီးတစ်ဝိုက်ဒေသတွေ၊ စက်ရုံတွေနဲ့ ဒုက္ခသည်စခန်းတွေမှာလည်း ဝမ်းရောဂါဖြစ်ပွားလာနိုင်မဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဌာနတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရွှေကုက္ကိုမှာ ဝမ်းရောဂါ ကူးစက်ခံရသူ အယောက် နှစ်ရာတွေ့ရှိခဲ့ပြီး မဲဆောက်မှာ နှစ်ဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ တာ့ခ်ခရိုင်ထဲမှာတော့ လက်ရှိအချိန်ထိ ကူးစက်ခံရသူ နှစ်ဦး ရှိနေတယ်လို့ ရေးသားပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ရွှေကုက္ကိုမြို့သစ်မှာ ဝမ်းရောဂါဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးပါဘူး။ ရွှေကုက္ကိုမြို့သစ်ကို ထိန်းချုပ်ထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့ကတော့ ဝမ်းရောဂါအရေးပေါ်သတိပေးချက် ထုတ်ပြန်ထားကြောင်း ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။
တာ့ခ်ခရိုင်ထဲက မဲရမတ်နဲ့ မဲဆောက်မြို့နယ်တွေမှာ စက်ရုံတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေများပြီး ဒီမြို့နယ်တွေဟာ ရွှေကုက္ကိုမြို့နဲ့ နီးတာကြောင့် ကူးစက်နိုင်ခြေများတယ်လို့ ဆိုပါတယ်။ အခုလို နှစ်သစ်ကူးအားလပ်ရက်တွေမှာ စားပွဲသောက်ပွဲတွေလည်းရှိတာကြောင့် ပိုပြီး အန္တရာယ်ရှိနိုင်တယ်လို့လည်း ထောက်ပြပါတယ်။
ဒါကြောင့် သောက်သုံးရေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု အပါအဝင် စားသောက်ဆိုင်တွေနဲ့ ရောင်းချသူတွေကို စိစစ်ကြီးကြပ်တာတွေအပြင် ကာလဝမ်းရောဂါပိုး အမြန်စမ်းသပ်ကုသဖို့ ဆေးဝါးပစ္စည်းတွေကို ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။
ရွှေကုက္ကိုမှာ ဝမ်းရောဂါဖြစ်ပွားသူအများစုက တရုတ်အလုပ်ရှင်တွေနဲ့ မြန်မာအလုပ်သမားတွေ ဖြစ်တယ်လို့ နယ်စပ်အနီးမှာနေတဲ့ ထိုင်းလူမျိုးတွေက ပြောဆိုကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။