ဂန့်ဂေါနဲ့ ဖာပွန်မှာ ဗုံးကြဲခံရပြီး ရဟန်းတစ်ပါး အပါအဝင် လေးဦး သေဆုံး
2025.03.07

မကွေးတိုင်း ဂန့်ဂေါနဲ့ ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဟန်းတစ်ပါး အပါအဝင် လေးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို မတ် ၇ ရက် ဒီနေ့မှာ ပြောပါတယ်။
ဂန့်ဂေါမြို့နယ်၊ ကန်ရွာတောင်ပိုင်းကို မတ် ၅ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၄၀ အရွယ် ဒေါ်ထားမြင့်၊ အသက် ၅၀ အရွယ် ဦးအောင်ဖြိုးတို့ ဇနီးမောင်နှံနှစ်ဦးနဲ့ အသက် ၁၆ နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံးသွားတယ်လို့ ယောဒေသအခြေအနေတွေကို ဖော်ပြနေတဲ့ ယောအလင်းတန်း တာဝန်ခံက RFA ကို ပြောပါတယ်။
ဒါ့အပြင် နောက်ထပ် အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးလည်း ဒဏ်ရာပြင်းထန်ပြီး ဆေးကုသမှု ခံယူနေရသလို လူနေအိမ် ဆယ်လုံး ထိခိုက်ပျက်စီးတယ်လို့ ဆိုပါတယ်။
အဲဒီရွာမှာ တိုက်ပွဲဖြစ်တာမရှိပေမဲ့ ကန်ရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းပိုက်ထားတာကြောင့် လေကြောင်းတိုက်ခိုက်မှုလုပ်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဂန့်ဂေါ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကန်ရွာ ရဲစခန်းကို ပြီးခဲ့တဲ့နှစ်ကတည်းက PDF က သိမ်းပိုက်ထားတာ။ ဂန့်ဂေါမှာ စစ်ကောင်စီ တပ်စခန်းတွေ အသိမ်းခံရတဲ့ ရွာတိုင်းကို လေကြောင်း တိုက်ခိုက်တယ်”
မတ် ၅ ရက်နေ့ တစ်ရက်တည်းမှာပဲ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကျောက်ကွင်းရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် သက်တော် ၆၃ နှစ်၊ ဝါတော် ၄၂ ဝါ ရှိ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဝိသုဒ္ဓ ပျံလွန်တော်မူပြီး ကိုရင်ကြီးတစ်ပါးနဲ့ ကိုရင်လေးတစ်ပါး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် ကျောက်ကွင်းရွာ ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဖာပွန်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ မကွေးနဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူတွေဆီ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
RFA ရဲ့ စာရင်းအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁,၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃,၇၂၀ ဦး ရှိခဲ့ပါတယ်။