မန္တလေးကျောက်ဈေး တရုတ်နဲ့ မြန်မာကုန်သည်တွေ ခိုက်ရန်ဖြစ်

ဒီကနေ့မနက်က ၁၀ နာရီလောက် မန္တလေး ကျောက်မျက်ရောင်းဝယ်တဲ့ ဈေးအတွင်း တရုတ် ကုန်သည်တွေနဲ့ မြန်မာ ကုန်သည်တွေ ခိုက်ရန် ဖြစ်ပွားရာကနေ နောက်ဆုံး ရဲနဲ့အရပ်သားတွေ အကြားမှာပါ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါတယ်။

2011.06.27
chinese_mall_mandalay_305_z.jpg မန္ဈလေးမြို့ရှိ တရုတ်ကုန်တိုက် အသစ်ကြီး သုံးခုအနက်မှ တခု ဖြစ်ပါသည်။ (Photo: RFA / Tyler Chapman)
(Photo: RFA / Tyler Chapman)

မန္တလေး မဟာအောင်မြေ မြို့နယ် ၈၇ နဲ့၃၈ လမ်း အနီး ကျောက်ဝိုင်းမှာ မြန်မာ ကျောက်ကုန်သည် တစ်ဦး ဖြစ်တဲ့ ကိုမော် ဆိုသူကို တရုတ် ကျောက်ကုန်သည် ၅ ဦးက ဝိုင်းဝန်းထိုးကြိတ်ခဲ့ရာကနေ အခင်း စတင် ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း မျက်မြင် သက်သေတွေက အာအက်အေကို ပြောဆိုခဲ့ပါတယ်။

သိန်း ၄၀ နဲ့ဈေးဆိုင်ထားတဲ့ကျောက်ကို ၅ သိန်း ပိုပေးတဲ့ အခြား တရုတ်ကုန်သည် တစ်ဦးကို ရောင်းချခဲ့တဲ့ အတွက်၊ တရုတ် ကျောက်ပွဲရုံ အတွင်း ကိုမော်ကို ခေါ်ပီး ဝိုင်းထိုးကြိတ် ခဲ့တာလို့သိရပါတယ်။ အဲဒိနောက် အခြား မြန်မာ ကျောက်ကုန်သည်တွေကပါ သိရှိသွားပီး တရုတ် ကုန်သည်တွေကို တန်ပြန် ထိုးကြိတ်ခဲ့တဲ့ အတွက် ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

အဲဒိနောက် ရဲတွေ ရောက်ရှိလာပီး တရုတ် ကုန်သည်နဲ့မြန်မာ ကုန်သည်တွေကို ကျောက်ဝိုင်း အနီး ရဲကင်းမှာ ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ ဒါပေမဲ့ ရဲတွေက တရုတ်ကုန်သည်ဖက်ကို ဖက်လိုက်တယ်ဆိုပြီး အဲဒိ အချိန်မှာ အနီးအနားမှာ ရှိတဲ့ မြန်မာ ကုန်သည်တွေ၊ ဒေသခံ အရပ်သားတွေ ရာနဲ့ချီ စုရုံး ရောက်ရှိလာပီး၊ ကိုယ့်အမျိုးသားကို စောင့်ရှောက်ဖို့ရဲတွေကို အော်ဟစ် ပြောဆိုခဲ့ သလို၊ ကမ္ဘာမကြေ နိုင်ငံတော် သီချင်း နဲ့အမျိုးသား သီချင်းတွေကို သီဆိုပြီး ရဲတွေကို ကန့်ကွက်ခဲ့ပါတယ်။ အဲဒိမှာ ရဲတွေက လူစုခွဲဖ့ို ကြိုးပမ်းရာ ကနေ အရပ်သားတွေနဲ့ထပ်မံ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

နောက်ထပ်မျက်မြင်သက်သေတစ်ဥိးက အခုလို ပြောပြပါတယ်။

"ရဲက ဗမာကို ဖမ်းလိုက်တော့ အတော်လေး ရှုပ်သွားတယ်လေ။ အဲဒီနားမှ ရဲကင်းနဲ့ မြို့နယ်မှူးရုံးလည်း ရှိတယ်လေ။ "

တရုတ်ကုန်သည်တွေ ဖွင့်လှစ်ထားတဲ့ ကျောက်ပွဲရုံ အမှတ် ၈ နဲ့ ၉ ကတော့ အတော်လေး ပျက်စီးသွားတယ်လို့သိရပါတယ်။ အဲဒိနောက် ရဲတွေက တရုတ် ကုန်သည်တွေကို ခေါ်ထုတ် သွားခဲ့ပြီး နေ့လည် ၁၂ နာရီလောက်မှာ လူစုကွဲ သွားခဲ့ပါတယ်။ လောလောဆယ် ကျောက်ဝိုင်းကို ရဲတွေက ပိတ်ပစ်ခဲ့ပြီး၊ ရဲ နဲ့လုံထိန်းတွေ အဲဒိနေရာမှာ အစောင့်ချထားတယ်လို့သိရပါတယ်။

အခင်းဖြစ်ပွားတဲ့ တရုတ် ကုန်သည်တွေနဲ့ထိုးကြိတ်ခံခဲ့ရတဲ့ ကိုမော် တို့ အနည်းငယ် ဒဏ်ရာရှိခဲ့တာက လွဲပီး အခြား ဒဏ်ရာရရှိသူ မရှိဘူးလို့ သိရပါတယ်။ လောလောဆယ် အချိန် အထိတော့ တစ်စုံတစ်ယောက်ကို ဖမ်းဆိး ထားတယ် ဆိုတာမျိုး သတင်း ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

ဒီကျောက်ဝိုင်းကို မှီခို လုပ်ကိုင်နေရတဲ့ မန္တလေး ဒေသခံ အတော်များများ ရှိနေပြီး ကျောက်ရောင်းဝယ်ရာမှလည်း တရုတ်ကုန်သည်တွေနဲ့မကြာခဏ ဆိုသလို မသင့်မတင့် ဖြစ်ပွားတာတွေ အရင်ကလည်း ရှိခဲ့ကြောင်း၊ ဒီကနေ့ အခင်း ဖြစ်ပွားပြီးနောက် တရုတ် မြန်မာ အဓိကရုဏ်း ဖြစ်မှာကိုတော့ မန္တလေး ဒေသခံတွေက စိုးရိမ်ကြောင်း အခုန မျက်မြင် သက်သေတွေက ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-06-28 04:24

your father is general aung san,not wan kyar pound.