အွန်လိုင်းငွေလိမ်မှုနဲ့ တရုတ်နိုင်ငံသား ငါးသောင်းကျော် ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီပြော
2024.07.09

ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်မှုနဲ့ တရုတ်နိုင်ငံသား ငါးသောင်းကျော်ကို ဖမ်းဆီးပြီး တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ဇူလိုင်လ ၉ ရက်နေ့မှာ စစ်ကောင်စီထိန်းချုပ်တဲ့ မီဒီယာတွေကနေ ကြေညာပါတယ်။
ကျားဖြန့်လုပ်ငန်းတွေကို တရုတ်နိုင်ငံနဲ့ ပူးပေါင်းနှိမ်နင်းခဲ့ပြီး တရုတ်နိုင်ငံသား ငါးသောင်းကျော်ကို ဖမ်းဆီးပြီး ပြန်လွှဲပေးနိုင်ခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
"မြန်မာနိုင်ငံအစိုးရအနေနဲ့ ကျားဖြန့်ကိစ္စကို သိရှိတာနဲ့တပြိုင်တည်း တရုတ်နိုင်ငံနဲ့ တက်ကြွစွာပါဝင်ပြီး နှိမ်နင်းခဲ့ပါတယ်၊ ကိုးကန့်ဒေသမှာသာမက အခြားနယ်စပ်ဒေသတွေမှာလည်း ဆောင်ရွက်ခဲ့ပါတယ်၊ မနေ့ကအထိ (ဇူလိုင် ၈ ရက်) မိုင်းပေါက်ဒေသ၊ လောက်ကိုင်ဒေသ၊ တာချီလိတ်ဒေသ၊ မူဆယ်ဒေသ၊ မြဝတီ ရွှေကုက္ကိုလ် KK Park တို့ကနေ ဖော်ထုတ်ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၅၁၈၅၁ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၁၄၃ ဦး၊ ထိုင်းနိုင်ငံသား ၆၄၀ ဦးကို သက်ဆိုင်ရာ နိုင်ငံတွေကို လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်"
လောက်ကိုင်ဒေသအပါအဝင် နယ်စပ်ဒေသတွေမှာဖြစ်ခဲ့တဲ့ ကျားဖြန့် (ခေါ်) အွန်လိုင်းလိမ်လည်မှုတွေဟာ လျှို့ဝှက်နေရာတွေမှာ ပုန်းလျှိုးကွယ်လျှိုး ဆောင်ရွက်တာကြောင့် စစ်ကောင်စီအနေနဲ့ မသိခဲ့ဘူးလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။
ဒီလိမ်လည်မှုတွေကို တရုတ်နိုင်ငံက တိမ်းရှောင်လာတဲ့ ရာဇဝတ်သားတွေက ဦးဆောင်ပြုလုပ်ခဲ့ပြီး လိမ်လည်ခံရသူ အများစုကလည်း တရုတ်နိုင်ငံသားတွေသာ ဖြစ်တာကြောင့် မြန်မာနိုင်ငံသားအများစုက မသိတာလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ကလည်း တာချီလိတ်မြို့နယ်မှာ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၂၉၅ ဦးကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက ဇူလိုင် ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးကိစ္စ၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေးနဲ့ နယ်စပ်ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ မီဒီယာတွေက ဧပြီလ ၁ ရက် က ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ ဖမ်းဆီးမိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်တဲ့ တရုတ်နိုင်ငံသား ငါးသောင်းနီးပါး (၄၉,ဝဝဝ) ကို တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။