တရုတ် - မြန်မာနယ်စပ် KIA လိုင်ဇာအနီးမှာ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်


2018.10.27
laiza-622.jpg တရုတ် - မြန်မာနယ်စပ် လိုင်ဇာမြို့ တစ်နေရာကို တွေ့ရစဉ်
Photo: Kan Thar/ RFA

တရုတ် - မြန်မာနယ်စပ် တစ်လျှောက် KIO/ KIA ဗဟိုဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့အနီးမှာ အောက်တိုဘာ ၂၆ ရက်နေ့က တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်စစ်တပ်အနေနဲ့ နယ်စပ်တစ်လျှောက်မှာ စစ်ရေးလေ့ကျင့်မှုများလာတာဟာ မြန်မာဘက်က စစ်ရေး တင်းမာမှုတွေ ရှိနေတာကြောင့် တရုတ်ဘက်က ကြိုတင်ဟန့်တားတဲ့ သဘောမျိုး ဖြစ်နိုင်ပါတယ်လို့ တိုင်းရင်းသားအရေးနဲ့ စစ်ရေးလေ့လာသူ ဦးမောင်မောင်စိုးက RFA ကို ဒီနေ့ ပြောပါတယ်။

အဲဒီ စစ်ရေးလေးကျင့်မှုနဲ့ ပတ်သက်လို့ KIA ပြန်ကြာရေးတာဝန်ရှိသူကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား နယ်စပ်မှာ တိုက်ပွဲဖြစ်ပွားချိန်တိုင်းမှာ တရုတ်ဘက်က သူတို့ ပိုင်နက်ထဲကို လက်နက်ကျည်တွေ ကျမှာစိုးရိမ်တဲ့အတွက် နယ်စပ်လုံခြုံရေးအတွက် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်လေ့ရှိတယ်လို့လည်း ဦးမောင်မောင်စိုးက ပြောပါတယ်။

ဒီတစ်ကြိမ် စစ်ရေးလေ့ကျင့်မှုမှာ တရုတ်တိုက်လေယာဉ်တွေနဲ့ အင်အားပြ လေ့ကျင့်တာတွေ ပါဝင်လာတယ်လို့ သိရပါတယ်။ တရုတ်စစ်တပ်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇွန်လပိုင်းကလည်း မြန်မာနိုင်ငံ နယ်စပ်တွေမှာ ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မြန်မာ - တရုတ်နယ်စပ်တစ်လျှောက်မှာ NCA အပစ်ရပ် လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA၊ UWSA "ဝ" အဖွဲ့၊ ရက္ခိုင့်တပ်မတော် AA၊ ကိုးကန့်တပ်မတော် MNDAA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA စတဲ့ အဖွဲ့တွေရှိတဲ့ နယ်မြေဒေသတွေ ဖြစ်ပြီး အဲဒီအဖွဲ့တွေဟာ တရုတ်နိုင်ငံနဲ့ အဆက်အစပ်ရှိတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။