တရုတ်သစ်ခိုးထုတ်သမား ၁၅၀ ကျော်ကို တစ်သက်တစ် ကျွန်းပြစ်ဒဏ်တွေ ချမှတ်
2015.07.22

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင်သစ်ခိုးထုတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက် ထဲက ၁၅၃ ယောက် ကို မြစ်ကြီးနားခရိုင် တရားရုံးက ဒီနေ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းစီ ပြစ်ဒဏ်ချလိုက်ပါတယ်။
အဲဒီအထဲက အသက်မပြည့်သေးသူတွေကိုလည်း ထောင်ဒဏ် ၁၀ နှစ် စီချမှတ် လိုက်တာဖြစ်တယ်လို့ မြစ်ကြီးနားခရိုင် ဒုတိယတရားသူကြီး ဦးမြင့်ဆွေ က ပြောပါတယ်။
"၁၅၃ ယောက်က တစ်သက်တစ်ကျွန်းပါ၊ ဟိုနှစ်ယောက်က လူငယ်ဖြစ်နေတဲ့အတွက် သူတို့ကိုတော့ ထောင်ဒဏ် ၁၀ နှစ်စီ၊ ကျနော်တို့ကတော့ မျှတတဲ့အမြင်နဲ့ ဆုံးဖြတ် တာပါ၊ သူတို့မှာတွေ့တဲ့ ယာဉ်တွေ၊ ယန္တရားတွေ၊ လူအင်အားတွေကြည့်ရင် ဒါနိုင်ငံ ပိုင်သစ်တောတွေ ပြုန်းတီးတယ်၊ သယံဇာတတွေ ထိခိုက်တယ်"
ဒါ့အပြင် အမျိုးသမီးတစ်ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းအပြင် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဥပဒေ ပုဒ်မ ၁၉ (က) နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံ ဖို့ ထပ်မံ အမိန့်ချလိုက်ပါတယ်။
ပြစ်ဒဏ် တစ်သက်တစ်ကျွန်းဟာ ထောင်ဒဏ် နှစ် ၂၀ နဲ့ ညီမျှတယ်လို့ သိရပါတယ်။
အဲဒီတရုတ်နိုင်ငံသား ၁၅၅ ယောက်ဟာ လဝကအက်ဥပဒေပုဒ်မ ၁၃(၁) နဲ့ ထောင်ဒဏ် ၆ လစီ ချမှတ်ခံထားရပြီး သူတွေ ဖြစ်ပါတယ်။
သူတို့ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ထိန်ချုန်းခရိုင်ထဲက တရုတ်နိုင်ငံသားတွေဖြစ်ပြီး ဒီနှစ်ဆန်းပိုင်းက ဝိုင်းမော် မြို့နယ် ဆဒုံး၊ ဝါးရှောင်၊ မန်ဝိန်း စတဲ့ ကျေးရွာတွေမှာ တရားမဝင်သစ်ခိုးထုတ်နေစဉ် ၈၅ ယောက်တစ်ဖဲ့ွနဲ့ ၇၀ တစ်ဖဲ့ွ စုစုပေါင်း ၁၅၅ ယောက် ကို အစိုးရတပ်မတော်က ဖမ်းမိခဲ့တာဖြစ်ပါတယ်။
သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသားတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးခင်မောင်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင် နိုင်ပါတယ်။