မြန်မာရွေးကောက်ပွဲမှာ မစွက်ဖက်ဖို့ တရုတ်သတိပေး

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်နိုင်ငံကို အင်္ဂါနေ့က အလည်အပတ်ခရီး ရောက်လာတဲ့အချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာ ရွေးကောက်ပွဲကို ဝင်ရောက် မစွက်ဖက်ကြဖို့ တရုတ်အစိုးရက သတိပေးပြောလိုက်ပါတယ်။

2010.09.07
than_shwe_china_2010_305_z.jpg မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ယာ) စက်တင်ဘာ ၇ ရက်နေ့က တရုတ်နိုင်ငံ၊ ဘီဂျင်း နိုင်ငံတကာ လေဆိပ်သို့ ဆိုက်ရောက်လာပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒါဟာ ရွေးကောက်ပွဲပြီးရင် တက်လာမဲ့ အစိုးရဟာ အရပ်ဝတ် ပြောင်းလိုက်တဲ့ ဗိုလ်ချုပ်တွေပဲဆိုတာ သေချာနေတာကြောင့် တရုတ်အနေနဲ့ အကျိုးစီးပွားကြည့်ပြီး ပြောလိုက်တာ ဖြစ်တယ်လို့ တရုတ်-မြန်မာနယ်စပ်အခြေစိုက် မြန်မာ့အရေး လေ့လာနေတဲ့ ဦးအောင်ကျော်ဇောက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ခရီးစဉ်မှာ တရုတ်သမတ ဟူဂျင်တောင်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံ ချစ်ကြည်ရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ် ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ အစဉ်အလာမပြတ် ဆက်ဆံရေးကနေ ဒေသဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက်ပါ ကြိုးပမ်းသွားဖို့ ဆန္ဒရှိတယ်လို့လည်း သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရရဲ့သဘောထားကို မေးမြန်းရာမှာ ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာအစိုးရကို အပြုသဘောဆောင်တဲ့ အကူအညီမျိုး ပေးဖို့ တရုတ်အနေနဲ့ မျှော်လင့်ကြောင်း ပြောဆိုသွားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တရုတ်နိုင်ငံခရီးစဉ်မှာ လေးရက်ကြာမြင့်မှာ ဖြစ်ပြီး Shanghai မြို့မှာကျင်းပနေတဲ့ ကမ္ဘာ့ကုန်စည်ပြပွဲနဲ့ ကုန်သွယ်ရေး တရှိန်ထိုး တက်လာတဲ့ တရုတ်ပြည်တောင်ပိုင်းက Shenzhen ကို သွားရောက် ကြည့်ရှုမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပကာနီး တရုတ်ပြည် အလည်အပတ်သွားတဲ့ ဗိုလ်ချုပ်မှူးကြီး ခရီးစဉ်ရဲ့ ထူးခြားချက်တွေနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်နိုင်ငံခရီး
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။